မြရာ/ဧရာ၀တီတိုင်းမ်
ဧပြီ ၄ ရက်

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ရှိ စစ်ရုံးချုပ်နှင့် အေလာလေတပ်ကို ကာမီကာဇေဒရုန်းများဖြင့် ယနေ့ နံနက်ပိုင်းက တိုက်ခိုက်ခံရကြောင်း သိရသည်။

ယနေ့ ဧပြီ ၄ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်စစ် ရုံးချုပ်အတွင်းသို့ ကာမီကာဇေဒရုန်း ၁၆ စီးဖြင့် တိုက်ခိုက်ခံရပြီး အေလာလေတပ်ကို ဒရုန်း ၁၃ စီးဖြင့် တိုက်ခိုက်ခံရကြောင်း တပ်တွင်းသတင်းရင်းမြစ်၏ အတည်ပြု‌ပြောပြချက်အရ သိရသည်။

စစ်ရုံးချုပ်နှင့် အေလာလေတပ်အတွင်း အဆက်အ သွယ်များပြတ်တောက်နေပြီး အေလာလေတပ်အတွင်း ထိခိုက်ဆုံးရှုံးမှုများအတွက် စစ်ကောင်စီတပ် အတွင်း ဂယက်ရိုက်မှုများရှိနေကြောင်း သိရသည်။

“အေလာမှာရှိတဲ့ တပ်မတော်ရဲ့ လေယာဉ်ကွင်းကို Jammer (ရေဒီယိုလှိုင်းနှောက်စက်) တွေ ရှိတဲ့ကြားက အခုလိုတိုက်ခိုက်ခံရတော့ အကြီးအကျယ်ပြဿနာတက်နေတယ်။ ထိခိုက်ပျက် စီးမှုတွေကိုတော့ ပြောလို့မရပါလို့ပါ”ဟု လေတပ်စခန်းနှင့်နီးစပ်သူက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

စစ်ရုံးချုပ်တစ်ခုလုံး အဆက်အသွယ်လိုင်းများပြတ် တောက်နေပြီး အေလာလေတပ်အတွင်း မီးလောင်ကျွမ်းနေသည်ကို တွေ့မြင်ရသည်ဟုလည်း ဒေသခံ များ၏ပြောပြချက်အရ သိရသည်။

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ နိုင်ငံခြားရေး ၀န်ကြီးဖြစ်သူ ဒေါ်ဇင် မာအောင်ကလည်း Congratulations NPT ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့၏ Kloud Drone တပ်ခွဲက စစ်ရုံးချုပ်ကိုလည်းကောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့၏ Lethal Porp တပ်ခွဲက အေလာလေတပ်ကို လည်းကောင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ စစ်ရုံးချုပ်(ကက-ကြည်း) တည်ရှိရာ နေပြည်တော်နှင့် အေလာလေတပ်များကို ဒရုန်းများဖြင့် တပြိုင်နက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုများ ရှိကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနက ကနဦး ထုတ်ပြန်ချက်အဖြစ် ထုတ်ပြန်ထားသည်။

#နေပြည်တော် #စစ်ရုံးချုပ် #အေလာလေတပ် #ကာမီကာဇေ #ဒရုန်း #တိုက်ခိုက်ခံရ
#Ayeyarwaddy_Times