ဧရာဝတီတိုင်းမ်
ဧပြီ ၄ ရက်

ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီ၏ စခန်းများဖြစ်သည့် ဘူးသီးတောင်၊ အမ်းနှင့် မောင်တောရှိ စစ်ကောင်စီ စခန်းများကို ရက္ခိုင့်တပ်တော် AAက တပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီ၏ ဘူးသီတောင်၊ စကခ(၁၅) လက်အောက်ခံ ခမရ (၅၆၄) တပ်ရင်းဌာနချုပ်၊ အမ်းမြို့နယ်အတွင်းရှိ စကခ(၅) လက်အောက်ခံ တောဟိန်းတောင် ဗျူဟာ အပါအဝင် ၎င်းပတ်ဝန်းကျင်ရှိ စခန်းအချို့နှင့် မောင်တော၊ ကြိမ်ချောင်း နယ်ခြားစောင့် စခန်းတို့ကို တိုက်ခိုက်လျက်ရှိသည်ဟု AAကထုတ်ပြန်သည်။

ရက္ခိုင့်တပ်တော်သည် စစ်ကောင်စီ၏ ဘူးသီးတောင်၊ခမရ (၅၆၄) တပ်ရင်းဌာနချုပ်စခန်းအား ဧပြီလ(၁) ရက်နေ့တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ မောင်တော၊ ကြိမ်ချောင်း စခန်းကိုလည်း တစ်ရက်မျှရပ်တန့်ခြင်းမရှိဘဲ ဆက်လက်တိုက်ခိုက်လျက်ရှိသောကြောင့် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။

ပြီးခဲ့သည့် မတ်လ(၃၁) ရက်နေ့၊ ညနေ(၃) နာရီ ခန့်တွင် အမ်းမြို့နယ်၊ လုံးရွာအနောက်ဘက် (၁.၄) ကီလိုမီတာအကွာအဝေးရှိ တောင်ကြောတွင် စစ်ကောင်စီတပ် နှင့် ရက္ခိုင့်တပ်တော်တို့သည် တစ်နာရီခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ မျက်မြင် လေးဦးသေဆုံးခဲ့ကြောင်း သိရသည်။

AA အနေဖြင့် ၎င်းစခန်းကြီးများကို အဓိကထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည့်နည်းတူ အခြားသော စခန်း ငယ်များကိုလည်း အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ကြိုးပမ်းလျက်ရှိသည်ဟု ဆိုသည်။ ပြီးခဲ့သည့် မတ် ၂၅ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီ၏ တောင်ဘဇာစခန်းကို AAကသိမ်းယူနိုင်ခဲ့သည်။

ထို့အပြင် ဘူးသီးတောင်အခြေစိုက် စကခ (၁၅) လက်အောက်ခံ၊ ခမရ (၅၅၂) တပ်ရင်းအား ဖေဖော်ဝါရီလ (၂၄) ရက်နေ့၊ နံနက် (၈) နာရီ ( ၃၅) မိနစ်အချိန်၌ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ခမရ (၅၅၂) စခန်းအား စစ်ကောင်စီ၏ ကြည်း၊ လေ အပြင်းအထန်ခုခံကာကွယ်မှုကြားထဲမှ ရက်ပေါင်း (၃၂) ရက်အကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးသည့်နောက် မတ်လ (၂၅) ရက်နေ့၊ နေ့လယ် (၁၂) နာရီအချိန်တွင် အဆိုပါစခန်းတစ်ခုလုံးအား အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့‌သည်။

#ဘူးသီးတောင် #အမ်း #မောင်တော #စစ်ကောင်စီ #AA #ထိုးစစ်ဆင်တိုက်ခိုက် #Ayeyarwaddy_Times