ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဧပြီ ၃ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်အကျဥ်းထောင်တွင် အကျဥ်းကျခံနေရသည့် နိုင်ငံရေး အကျဥ်းသား (နိုင်/ကျဉ်း) နှစ်ဦး ကို ထောင်အာဏာပိုင်များက လူမသိ၊ သူမသိ အပြင် ခေါ်ထုတ်ကာ သတ်ဖြတ်ခဲ့ပြီး အလောင်းများပြန်လည်ရရှိခြင်း မရှိကြောင်း မိသားစု ဝင်များ ထံကသိရသည်။

စစ်ကောင်စီတပ်သားများသည် နိုင်ငံရေးအကျဥ်းသားများဖြစ်သည့် ကိုမင်းသူ (ခေါ်) မော်လဝီရှက်မင်း အသက် (၂၅) နှစ် နှင့် ကိုဝင်းသီဟ အသက် (၃၀) နှစ် ခန့်တို့ကို ပြီးခဲသည့် မတ်လ ၁၇ ရက်နေ့က ခေါင်းစွပ်အနက်ရောင်များစွပ်ပေး၍ ထောင်ပြင်ပသို့ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းတို့ နှစ်ဦးကို စစ်ကောင်စီ၏ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) က ထောင်ပြင်ပသို့ ခေါ်ထုတ်သွားပြီး တစ်ပတ်ခန့်အကြာ၌ မိသားစုဝင်များက စုံစမ်းရာတွင် သေဆုံးသွားပြီဟု ထောင်အာဏာပိုင်များက ပြောဆိုလာခဲ့ကြောင်း သိရသည်။

“မတ်လ ၁၇ ရက်နေ့ က သူတို့ နှစ်ဦးစလုံကို စရဖ ကခေါင်းစွပ်အနက်ရောင်များ စွပ်ပေးပြီးခေါ်ထုတ်သွားတယ်။ သူတို့ နှစ်ဦးက ထောင်ထဲမှာဖုံးသုံးပြီး PDF တွေကို ထောင်ထဲက သတင်းတွေပေးတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ခေါ်ထုတ်သွားတာပါ။ နောက် စစ်ဆေးနေချိန်မှာ ထွက်ပြေးလို့ ပစ်သတ်လိုက်တယ် ဆိုပြီး အကျဥ်းထောင်ဘက်က မိသားစုဝင်တွေကို အကြောင်းကြားလာတယ်” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ကိုမင်းသူ(ခေါ်)မော်လဝီရှက်မင်း နှင့် ကိုဝင်းသီဟ တို့ နှစ်ဦး သေဆုံးသွားပြီဟု ထောင် အာဏာပိုင်များက အကြောင်းကြားလာသော်လည်း ဘယ်နေ့ ဘယ်ရက်ကသေဆုံးခဲ့ခြင်း ဖြစ်ပြီး အလောင်းကို မည်သည့်နေရာတွင် သင်္ဂြိုဟ်ခဲ့သည်ကိုပင် သိရှိရခြင်း မရှိကြောင်း မိသားစုဝင်တစ်တစ်ဦးက ဆိုသည်။

အသက် (၂၅) နှစ်အရွယ် ကိုမင်းသူသည် အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်ပြီး ကျန်းမာရေး ချို့တဲ့သူတစ်ဦး ဖြစ်ကြောင်းသိရသည်။

” သူဟာ စစ်ကောင်စီတပ်ရဲ့အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မနဲ့ ထောင်ဒဏ် ၁၀ နှစ်အမိန့်ချမှတ်ခံထားရသူဖြစ်ပြီး ‌နောက်ထပ် တရားရင်ဆိုင်နေဆဲပုဒ်မသုံးခုကျန်ရှိ သေးတယ်” ဟု မိသားစုဝင်များ က ဆိုသည်။

ထို့အတူ နောက်ထပ်နိုင်ငံရေးအကျဥ်းသားတစ်ဦးဖြစ်သည့် အသက် (၃၀) အရွယ် ကိုဝင်းသီဟ သည်လည်း အကြမ်းဖက်မှုပုဒ်မနဲ့ ထောင် ၇ နှစ် အမိန့်ချမှတ် ခံထားရသူလည်းဖြစ်ကြောင်း သိရသည်။

“သူတို နှစ်ဦး ကို သတ်လိုက်ပြီလို့သာသိရတာ။အလောင်းလည်းပြန်မရဘူး။ စစ်ကောင်စီ ဘက်က လူမသိသူမသိ သတ်ပြီး အလောင်းဖျောက်လိုက်တာ” ဟု ကိုဝင်းသီဟရဲ့ မိသားစုဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

သေဆုံးသူနှစ်ဦး၏ အလောင်းများကို မိသားစုဝင်များက ပြန်လည်တောင်းယူသော်လည်း ထောင်အာဏာပိုင်များက ကောင်းကောင်းမွန်မွန်သင်္ဂြိုဟ်ခဲ့ပြီးဖြစ်ကြောင်းသာ မိသားစု ဝင်များကိုပြန်လည်ပြောဆိုခဲ့ကြောင်း သိရသည်။

ထောင်အာဏာပိုင်များသည် နောက်ထပ် နိုင်ငံရေးအကျဥ်းသား ၁၀ ဦးကျော်ကိုလည်း ဖုန်းများ စစ်ဆေးတွေ့ရှိသည်ဟုဆိုကာ တိုက်ပိတ်ပြစ် ဒဏ်များအပြင် ထောင်ဒဏ် ခြောက်လစီ ထပ်တိုး အမိန့် ချမှတ်ခဲ့ခြင်းများရှိကြောင်း ထားဝယ်ခရိုင် နိုင်ငံရေး အကျဥ်းသားများကွန်ရက်က ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် နိုင်ငံရေးအကျဥ်းသားများကို ပြင်ပခေါ်ယူစစ်ဆေးခြင်းနှင့် ရိုက်နှက် နှိပ်စက်ခြင်းများ ရှိသော်လည်း ယခုကဲ့သို့ သတ်ဖြတ်၍ အလောင်းဖျောက်သည့် ဖြစ်စဥ်သည် ထားဝယ်အကျဥ်းထောင်တွင် ပထမဆုံးအကြိမ်ဖြစ်ကြောင်းသိရသည်။

ထားဝယ်အကျဥ်းထောင်တွင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဥ်းသား၊ အကျဥ်းသူ ၄၀၀ ဝန်းကျင်ရှိကြောင်း ထားဝယ်ခရိုင်နိုင်ငံရေး အကျဥ်းသားများ ကွန်ရက်က ထုတ်ပြန်ထားသည်။

ပုံစာ – စစ်ကောင်စီရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည့် ကိုမင်းသူ နှင့်ကိုဝင်းသီဟ။
#ထားဝယ်ထောင် #အကျဥ်းကျနိုင်ကျဥ်း၂ဦး #ထောင်အာဏာပိုင်များ #အပြင်ခေါ်ထုတ် #သတ်ဖြတ် #အလောင်းပြန်မရ #Ayeyarwaddy_Times