ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဧပြီ ၃ ရက်
တနင်္သာရီမြို့နယ်၊ သမုတ်ချုံးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ဒရုန်းတပ်ဖွဲ့ ယာယီစခန်းချသည့်နေရာကို စစ်ကောင်စီတပ်က အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့၍ တပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့ကြောင်း ဧပြီလ ၁ ရက်နေ့တွင် Dragon Squad – TNI UAV Force က ဝမ်းနည်း ကြောင်း သဝဏ်လွှာ ထုတ်ပြန်သည်။
စစ်ကောင်စီတပ်၏ အင်အား ၇၀ ဝန်းကျင်ပါ စစ်ကြောင်းသည် ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ် ဝန်းကျင်ခန့်က Dragon Squad – TNI UAV Force ရဲဘော်လေးဦးရှိနေသည့် နေရာသို့ လာရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း တာဝန်ရှိသူ ထံက သိရသည်။
“အဲဒီအနားမှာက ကျွန်တော်တို့ ဒရုန်းတပ်ဖွဲ့က မစ်ရှင်အတွက် ယာယီစခန်းချ ထားတာပါ။ ကျွန်တော်တို့ ရှိတဲ့နေရာ နဲ့တစ်မိုင်လောက်မှာက တော်လှန်ရေးတပ်ဖွဲ့တွေ ရဲ့ဂိတ်ရှိတယ်။ သူတို့ (စစ်ကောင်စီ) တပ်က တော်လှန်ရေးရဲဘော်တွေရဲ့ ဂိတ် ကို ဝင်စီးဖို့လာတာ။ ကျွန်တော်တို့ ဒရုန်းတပ်ဖွဲ့ နဲ့ အရင်တွေ့တော့ပစ်ကြတာပေါ့။ ကျသွားတဲ့ ရဲဘော် နှစ်ယောက်က ကျန်တဲ့ ရဲဘော် နှစ်ယောက် ထွက်ပြေးလွတ်မြောက်သွားအောင် ခံပစ်ပြီးကျန်နေခဲ့တယ်”ဟု ဒရုန်းလက်ရုံးတပ်ဖွဲ့ (Dragon Squad – TNI UAV Force) ၏ ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီတပ်၏ အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်မှုကြောင့် အသက် (၂၇) နှစ် ဝန်းကျင်ရှိ တပ်စိပ်မှူး X Ray နှင့် အသက် (၂၈) နှစ် ဝန်းကျင်အရွယ် ရဲဘော် နှုတ်ခမ်းမွှေးတို့ ကျဆုံးခဲ့ပြီး ကျန်ဒရုန်းတပ်ဖွဲ့ဝင် ရဲဘော်နှစ်ဦး ထွက်ပြေး လွတ်မြောက် ခဲ့ကြောင်း သိရသည်။
ဒရုန်းတပ်ဖွဲ့မှ ထွက်ပြေးလွတ်မြောက်လာသည့် ရဲဘော်များနှင့် ဆက်သွယ်ချက်ရရချင်း မတ်လ ၃၀ ရက် မွန်းလွဲ ၁ ခန့်တွင် ကျဆုံးရဲဘော်နှစ်ဦး၏ အလောင်းများကို ပြန်ယူနိုင်ခဲ့ကြောင်း သိရသည်။
“ရဲဘော်နှစ်ဦးရဲ့ အလောင်းကို ပြန်ရတဲ့အချိန်မှာ ခန္ဒာကိုယ်အနှံ နှိပ်စက်ထားတာ တွေ့ရတယ်။လက်ချောင်းတွေကို ခုတ်ဖြတ်ထားတယ်။ ဦးခေါင်းတွေကို ကြီးမား လေးလံတဲ့ အရာနဲ့ ထုခွဲထားတယ်။ မျက်နှာနဲ့ အခြားနေရာတွေကိုလည်း ဓားနဲ့ မွှန်းထားသေးတယ်။ ဆိုးဆိုးရွားရွားကို နှိပ်စက်ထားတယ်” ဟု ဒရုန်းလက်ရုံးတပ်ဖွဲ့ (Dragon Squad – TNI UAV Force) ရဲ့ တာဝန်ရှိသူက ဧရာဝတီတိုင်းမ် ကိုပြောသည်။
ကျဆုံး ရဲဘော် နှစ်ဦးအနက် အစ္စလာမ် ဘာသာဝင် ဖြစ်သည့် ရဲဘော် နှုတ်ခမ်းမွှေးကို ကျဆုံးခဲ့သည့် မတ်လ ၃၀ ရက်နေ့တွင်ပင် အစ္စလာမ်ဘာသာဝင်များ၏ အစဥ်အလာအရ ချက်ချင်းသင်္ဂြိုဟ် ခဲ့ပြီး တပ်စိတ်မှူး X-ray ၏ အလောင်းကို ဧပြီလ ၁ ရက်နေ့တွင် သင်္ဂြိုဟ်ခဲ့ကြောင်း တာဝန်ရှိသူထံက သိရသည်။
ယင်းတိုက်ခိုက်မှု ဖြစ်စဥ်တွင် စစ်ကောင်စီက ဒရုန်းလက်ရုံးတပ်ဖွဲ့ (Dragon Squad – TNI UAV Force) ၏ ဒရုန်းသုံးစင်း၊ Jammer တစ်လက် နှင့် M-16 သေနတ် တစ်လက် တို့ကို သိမ်းယူသွားခဲ့ကြောင်း ဒရုန်းလက်ရုံးတပ်ဖွဲ့ တာဝန်ခံက ဆိုသည်။
လက်ရှိအချိန်တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ နှင့် စစ်ကောင်စီတပ်တို့ စစ်ရေးတင်းမာ လျှက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ – စစ်ကောင်စီဝါဒဖြန့်မီဒီယာများတွင် ဖော်ပြထားသည့် ဒရုန်းတပ်ဖွဲ့၏ ဒရုန်း လက်နက်နှင့် ဆက်စပ်ပစ္စည်းများ
#တနင်္သာရီ #ဒရုန်းတပ်ဖွဲ့ #ယာယီစခန်း #စစ်ကောင်စီတပ် #အလစ်ဝင်တိုက် #တပ်ဖွဲ့ဝင်၂ဦးကျဆုံး #Ayeyarwaddy_Times