ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ ဧပြီ ၃ ရက်
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်နယ် ၁၃ ရှိ ကျေးရွာတစ်ရွာကို ယမန်နေ့၊ ဧပြီ ၂ ရက်နေ့၊ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်၍ လေ ယာဉ်ပေါ်မှ စက်သေနတ်ဖြင့် ပစ်ခတ်မှုတို့ကြောင့် ဒေသခံတချို့ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်များလည်း မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများထံက သိရသည်။
အလားတူ မင်းတပ်မြို့နယ်၊ တိုက်နယ် ၁၄ ဘက်တွင်လည်း ယမန်နေ့ ညနေ ၄ နာရီ ၅၀ မိနစ်ခန့်က လေကြောင်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ပြီး ဖုန်းလိုင်းအခက်အခဲကြောင့် ထိခိုက်ပျက်စီးမှု အခြေအ နေ အသေးစိတ်ကိုမူ မသိရှိရသေးဟု ဆိုသည်။
“ဘာကြောင့်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အများဆုံးလုပ်သလဲဆိုတော့ မသိဘူးခင်ဗျ။ ပြီးခဲ့တဲ့ မတ်လတင်ကိုပဲ ၃ ကြိမ်ရှိပြီ။ ဧပြီလ ၁ ရက်နေ့မှာပဲ နှစ်ကြိမ်ပေါ့နော်။ လာရောက်တိုက် ခိုက်မှုလုပ်တယ်။ ဒါတောင် ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းက မကွေးတိုင်းနယ်စပ်မှာ လာရောက်ဗုံးကြဲလို့ ချင်းဒေသခံ တစ်ယောက် ဆုံးပါးသွားတာ ထည့်မပြောရသေးဘူးပေါ့နော်။ သူတို့က ရှိန်တာ၊ ကြောက်တာလည်း ပါမယ်လို့ ခန့်မှန်းမိတယ်ပေါ့နော်။ ပြီးတော့ တဖက်ကလည်း မင်းတပ်က အား ကောင်းလာမှာ။ ဒီထက်ပိုတော်လှန်လာမှာ။ တဖက်မှာလည်း ကျင်ဒွေးကို သူတို့ ဝိုင်းတိုက်နေကြတာ။ သူတို့ဖက်က အခက်အခဲတွေ အကျပ်အတည်းတွေ များလို့ ကျွန်တော်တို့ ဒုက္ခရောက်အောင် အာရုံများပြီး အလုပ်ရှုပ်အောင် တဖက်လှည့်ဖို့ ကြိုးစားတာ။ ကျွန်တော်တို့ အားနည်းသွားအောင်ကြိုးစားကြတဲ့ သဘောလည်း ပါမယ်လို့ ထင်ပါတယ်”ဟု မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဆလိုင်းယောမာန်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည်မင်းတပ်မြို့နယ်၊ တိုက်နယ် (၂) ဘက်တွင် ပြီးခဲ့သည့် ဧပြီ ၁ ရက်နေ့၊ နံနက် ၁ နာရီ ၃၀ မိနစ်က ဒေသခံများအိပ်ပျော်နေချိန်တွင် လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး လူနေအိမ်များနှင့် အခြား ပစ္စည်းများပျက်စီးသွားကြောင်း သိရသည်။
ထို့အပြင် ဧပြီ ၁ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်တွင် စစ်ကောင်စီက လေယာဉ် သုံး စင်းဖြင့် လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ် ဆက်တိုက်ထပ်မံပြုလုပ်ခဲ့ပြီး နေအိမ်တချို့နှင့် ဒေသခံအချို့ (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။
“၂၀၂၄ခုနှစ်အတွင်းမှာပဲ မင်းတပ်နယ်မှာ လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၈ ကြိမ်ရှိပြီ။ ဒေသခံသေဆုံးမှုကတော့ ၄ ဦးသေဆုံးတယ်။ ဒဏ်ရာရတဲ့သူကတော့ စုစုပေါင်း ၁၀ ဦးဝန်းကျင်လောက်ရှိ မယ်ပေါ့နော်။ လူနေအိမ်ပျက်စီးတာကတော့ တော်တော်များပါတယ်။ ၆ ကြိမ်လောက်တိုက်မှုအတွင်းမှာ နေအိမ်ပျက်စီးမှုအလုံးပေါင်းကတော့ ၃၀၊ ၄၀ လောက်ရှိမယ်ခင်ဗျ။ စစ်ကောင်စီကတော့ သူယုတ်မာစရာရှိတာ ယုတ်မာတယ်။ လုပ်စရာရှိတာ လုပ်တာပေါ့နော်။ ကျွန်တော်တို့ကလည်း တော်လှန်စရာရှိတာ ဆက်တော်လှန်မှာပဲ။ ဒီစစ်ကောင်စီကို ပြုတ်ကျအောင်၊ အာဏာရှင်အမြစ်ပြတ်အောင် ပိုပြီးတော်လှန်ဖို့ပဲရှိပါတယ်”လို့ ဆလိုင်းယောမာန်က ဆက်လက်ပြောဆိုသည်။
ချင်းပြည်နယ်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုအများဆုံးပြုလုပ်သော မြို့နယ်ထဲတွင် မင်းတပ်မြို့နယ်ပါဝင်နေပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံအများအပြားလည်း ထိခိုက်သေဆုံးခဲ့ပြီးဖြစ်သည်။
ပုံစာ-ဧပြီ ၁ ရက်နေ့တွင်လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော လူနေအိမ်များ။
#မင်းတပ်မြို့နယ် #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက်မှု #ပြင်းပြင်းထန်ထန်ပြုလုပ် #ဒေသခံသေဆုံး #လူနေအိမ်အများအပြားပျက်စီး #Ayeyarwaddy_Times