အယိုက်လင်း/ဧရာဝတီတိုင်းမ်
ဧပြီ ၃ ရက်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်၊ စငါအိုကျေးရွာတွင် မိုးသီးများ ရွာသွန်း၍ မြန်မာစစ်ဘေးရှောင်အပါဝင် လူနေအိမ် ၅၀၀ ကျော် ပျက်စီးသွားကြောင့် စစ်ဘေးရှောင်များထံက သိရသည်။

လောက်တလိုင်ခရိုင်၊ စငါအိုကျေးရွာတွင် ယမန်နေ့ ဧပြီလ ၂ ရက်၊ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခန့်တွင် မိုးသီးများ ရွာသွန်း၍ လူနေအိမ် အများပြားပျက်စီးပြီး မိုးသီးများ စုပြုံကာ ကားလမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

“မနေ့က မိုးသီးတွေ ရွာလို့ စငါအိုရွာက ချင်းစစ်ဘေးရှောင် နေအိမ် အတော်များ ပျက်စီးသွားတယ်။ အဲ့ဒီ စစ်ဘေးရှောင်တွေဟာ ထန်တလန်မြို့ကနေ စစ်ဘေးရှောင်တွေပါ။ ရွာထဲမှာ အိမ်ဌားနေတဲ့ စစ်ဘေးရှောင်တွေလည်းရှိတယ်။ ရွာထဲက နေအိမ်ကလည်း ပြတင်းပေါက်မှန်၊ အမိုးသွတ်ပြားတွေ အတော်လေး ပျက်စီးသွား​ကြတယ်။ လူထိခိုက်မှုတော့ မရှိဘူး” ဟု မြန်မာစစ်ဘေးရှောင် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ မိုးသီးရွာသွန်းမှုကြောင့် ပျက်စီးသွားသော ထန်တလန် နှစ်ခြင်းအသင်းတော်၏ မိဘမဲ့ဂေဟာ ကျောင်းနှင့် စစ်ဘေးရှောင်နေအိမ်များကို စငါအို လူငယ်အဖွဲ့စည်းက သွားရောက်ပြီး လိုအပ်သည့် အကူအညီများ လုပ်ဆောင်ပေးကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့ကလည်း မီဇိုရမ်ပြည်နယ်၊ အိုင်ယောလ် ခရိုင် နှင့် ခွာလာရှိ ခရိုင်တွင် မိုးများရွာသွန်း၍ လေပြင်းမုန်တိုင်း တိုက်ခိုက်သောကြောင့် မြန်မာစစ်ဘေးရှောင် နေအိမ် ရှစ်လုံးခန့် ပျက်စီးသွားသည်။

ပုံစာ- မိုးသီးများ ရွာသွန်း၍ စငါအိုကျေးရွာ နေအိမ်များ ပျက်စီးမှုကို တွေ့ရစဥ်။
#အိန္ဒိယ #မီဇိုရမ် #မိုးသီးများရွာသွန်း #မြန်မာစစ်ဘေးရှောင် #နေအိမ်များပျက်စီး #Ayeyarwaddy_Times