ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဧပြီ ၃ ရက်

တနင်္သာရီတိုင်း၊ ရေဖြုမြို့နယ် ၊ကံပေါက်ဒေသ၊ ဖောင်းတောရွာရှိ ပျူစောထီး ခေါင်းဆောင်ဆိုသူ ကို ဧပြီလ ၃ ရက် နံနက် ၁၂နာရီ ၄၀ မိနစ် ခန့်တွင် လက်နက်ကိုင်အဖွဲ့တစ်ခုမှ သေနတ်ဖြင့်လာရောက်ပစ်သတ်သွားကြောင်း ဒေသခံများထံက သိရသည်။

ပစ်သတ်ခံရသူမှာ ဖောင်းတောရွာ အမှတ် (၁) ရပ်ကွက်တွင် နေထိုင်သည့် ဦးစိုးတင့် အသက် (၅၂) နှစ် ဝန်းကျင်အရွယ် ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

“ပျူစောထီး ခေါင်းဆောင် စိုးတင့်က ရွာမှာဆို အုပ်ချုပ်ရေးမှူးထက်ကြီးတာ။ အုပ်ချုပ်ရေးမှူးကတောင် သူ့အိမ်ကိုသွားပြီးတိုင်ပင်ရတာ။ ရွာမှာ မွှေပြီးတိုင်း အကြောင်းအမျိုးမျိုးပြပြီး မော်လမြိုင်မှာ သွားရှောင်ပြီးနေလိုက်တယ်။ တစ်ပတ် နှစ်ပတ် လောက်ရှောင်ပြီးတော့ ရွာကိုပြန်လာတယ်။ အခု ပစ်သတ်ခံရတာကလည်း ရွာကို ပြန်ရောက်တာမကြာသေးဘူး။ သူ့အိမ်က နှစ်ထပ်အိမ်လေ။ အပေါ်ထပ်ခိုးက မျက်နှာကျက်မှာ ပုန်းနေတာ။ သေနတ်သမားတွေက မျက်နှာကျက်ပေါ် ကို အောက်ကနေပစ်တာ။အချက်ရေ ၁၈ ချက်လောက်ရှိတယ်။ အဲအပေါ်မှာပဲ သေသွားတာ” ဟု ဖောင်းတောရွာ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ပျူစောထီး ခေါင်းဆောင်ဆိုသူ ဦးစိုးတင့် ပစ်ခတ်ခံရပြီး ၃ နာရီ ခန့်အကြာတွင် မောရဝတီ ရေတပ်ဌာနချုပ်မှ စစ်ကောင်စီတပ်သားများ ကားလေးစီးဖြင့် ရောက်ရှိလာကာ ၁ နာရီခန့် စစ်ဆေးပြီးနောက် နံနက် ၄ နာရီခန့်တွင် ပြန်လည်ထွက်ခွာသွားကြောင်း ဒေသခံများ ထံက သိရသည်။

အဆိုပါ ပျုစောထီး ခေါင်းဆောင် ဦးစိုးတင့်ကို အမည်မသိ လက်နက်ကိုင် လူတစ်စုက ဆိုင်ကယ် နှစ်စီး လူ ၅ ယောက်ဖြင့် လာရောက်ပစ်သတ်သွားခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

သေဆုံးသွားတဲ့ ဦးစိုးတင့် ရဲ့အလောင်းကို မိသားစုဝင်များက ယနေ့ ဧပြီ ၃ ရက်နေ့တွင် သင်္ဂြိုဟ်ရန် စီစဥ်ထားသော်လည်း ကံပေါက်နယ်မြေရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်များက လာရောက် စစ်ဆေးဦးမည်ဖြစ်၍ ဧပြီ ၄ ရက်နေ့တွင်မှ သင်္ဂြိုဟ်မည်ဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူများထံက သိရသည်။

စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းမှစ၍ ယခုဖောင်းတောရွာရှိ ပျူစောထီးခေါင်းဆောင် ပစ်သတ်ခံရမှုသည် ပထမဆုံး အကြိမ် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

#ရေဖြူမြို့နယ် #ဖောင်းတောရွာ #ပျူစောထီးခေါင်းဆောင် #ပစ်သတ်ခံရ #Ayeyarwaddy_Times