မြရာ/ဧရာ၀တီတိုင်းမ်
ဧပြီ ၃ ရက်

ကချင်ပြည်နယ်တွင် လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများတွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲရာတွင် လေယာဉ်ပေါ်မှ ကျောက်တုံး၊ ကျောက်ခဲ များနှင့်ပါ ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် လေယာဉ်ဖြင့် ဗုံးလာကြဲရာတွင် အသင့်တင်ဆောင်လာသည့် ကျောက်တုံး၊ ကျောက်ခဲများဖြင့်ပါ ပစ်ချတိုက်ခိုက်ခဲ့သည့်အပြင် လေယာဉ်ပေါ်မှနေ၍ RPG နှင့်ပါ ပစ်ခတ်ခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်ထံက သိရသည်။

“အရင်တုန်းက စစ်ကောင်စီက ရှမ်းမြောက်နဲ့ရခိုင်ခွင် တွေမှာ Y -12 လေယာဉ်တွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေလုပ်တော့ ခြင်းကြားထဲကို ၆၀-မမ၊ ၈၀-မမ ဗုံး သီးတွေထည့်ပြီး ကျချင်ရာကျ လက်နဲ့ ပစ်ချကြတာ။ အခုတော့ ဗုံးသီးမလုံ လောက်လို့လားပဲ။ ကချင်စစ်ပွဲတွေမှာ ကျောက်တုံးနဲ့ပါ ကောက်ထုနေကြပြီ” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းက ကချင်ပြည်နယ်၊ ဟိုပင်မြို့ရှိ တော်လှန်ရေး‌တပ်များကို MI-35 ဖြင့် ဗုံးလာကြဲရာတွင် လေယာဉ်ပစ်ဒုံးများဖြင့်မဟုတ်ဘဲ လေယာဉ်ဘေးတံခါး ပေါက်မှ RPG နှင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများတွင် လည်း စစ်ကောင်စီ က Y 12 လေယာဉ်ဖြင့် လာရောက်ကာ ကျောက်တုံး၊ ကျောက်ခဲများဖြင့် ပစ်ချ တိုက်ခိုက်မှုများပြုလုပ် ခဲ့ကြောင်း သိရသည်။

“လေတပ်မှာကြဲချစရာ ဗုံးသီးမလုံလောက်တော့လို့ လေယာဉ်ပေါ်ကနေ RPG နဲ့ထုတဲ့ကောင်ကထု၊ ကျောက်ခဲနဲ့ ပစ်တဲ့ကောင်ကပစ်နဲ့ တကယ်ကို ကသောင်းကနင်းနဲ့ စစ်စည်းကမ်းတွေလည်း မထား တော့ဘူး”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

စစ်ကောင်စီ၏ လက်နက်ထုတ်လုပ်ပေးနေသည့် ကာကွယ်ရေးပစ္စည်းစက်ရုံများ ကလည်း ရှေ့တန်းစစ်မျက်နှာများသို့ လက်နက်နဲ့ဗုံးသီးများ အချိန်မီထုတ် လုပ်မပေး နိုင်သည့်အတွက် ထုတ်လုပ်သည့်ဗုံးသီးများကို အရည်အသွေးစစ်ဆေးမှု မပြုလုပ်နိုင်ဘဲ လေတပ်သို့ဦးစားပေးပို့ဆောင်နေရကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

“စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ ကျောက်ခဲ၊ စိန်ပြောင်း၊ ဗုံးသီးတွေနဲ့ ပစ်ချနေရတယ်ဆိုတာ မှန်ပါတယ်။ စစ်ကောင်စီမှာ လေယာဉ်ဗုံးသီးတွေ နည်းသွား ပြီဆိုပြီး ပေါ့ဆလို့မရဘူး။ အရေးပေါ် အခြေအနေတစ်ခုခုကြောင့် လေယာဉ်ပေါ် လိုက်လာတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ အပိုဆောင်းစီမံချက်လည်း ဖြစ်နိုင်တယ်။ RPG နဲ့ပစ်တယ်ဆိုတဲ့ အခြေအနေက နည်းနည်းများပါတယ်”ဟု CDM ပြုလုပ်ထား သည့် ဗိုလ်ကြီးဇင်‌ယော်က သုံးသပ်ပြောဆိုသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့က KIA နှင့် ဆွမ်ဘရာဘွမ် ခလရ-၄၆ တိုက်ပွဲတွင် လေကြောင်းမှနေ၍ ‌ဗုံးသီးအလုံးပေါင်း ၁၀၀ ကျော်ကို တစ်ရက်တည်းတွင် အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

#ကချင် #တိုက်ပွဲ #စစ်ကောင်စီ #လေကြောင်း #အသုံးပြု #ကျောက်ခဲများ #ပစ်ချတိုက်ခိုက် #Ayeyarwaddy_Times