ဧရာ၀တီတိုင်းမ်
ဧပြီ ၃ ရက်

ကချင်ပြည်နယ်၊ ဆွမ်ဘရာဘွမ်မြို့နယ်ရှိ စစ်ကောင် စီ၏ နောက်ဆုံးကျန်ရှိနေသည့် ခြေလျင်တပ်ရင်း ခလရ-၄၆ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် မှုများ ပြုလုပ်နေကြောင်း သိရသည်။

KIA သည် ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့ကတည်းက ဆွမ်ဘရာဘွမ်အခြေ စိုက် ခလရ -၄၆ တပ်ရင်းအပါအ၀င် စစ်ကောင်စီတပ်စခန်း သုံးခုကို တပြိုင်နက်တည်း ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

KIA တပ်မဟာ(၁) နှင့် တပ်မဟာ (၇) တို့သည် ဆွမ်ဘရာဘွမ်နှင့် ၅ မိုင်အကွာတွင်ရှိသော ဒိန်၀ါရွမ်စခန်းကို မတ် ၈ ရက်နေ့တွင် သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီ၏ ခလရ-၄၆ တပ်ရင်းတစ်ခုသာ ကျန်ရှိတော့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်ထံက သိရသည်။

“ဒီစခန်းကိုတိုက်နေတာ ရက် ၂၀ ကျော်ကြာပြီ။ မြို့ နယ်ထဲမှာရှိတဲ့ မလိယာန်တို့ ဒိန်ဝါရွမ်တို့ကို အကုန် သိမ်းပြီးပြီ။ ဒီစခန်းမကျစေဖို့ စစ်ကောင်စီကလည်း လေကြောင်းကနေ တောက်လျှောက်ဗုံးကြဲနေတာ။ Y-12 တွေနဲ့ပါ လာကြဲတာ”ဟု ကချင်စစ်ရေးသတင်း ရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ဆွမ်ဘရာဘွမ်တွင် ပြီးခဲ့သည့် မတ်လ ၁၇ ရက်နေ့တွင် တိုက်ပွဲပိုမိုပြင်း ထန်လာပြီး စစ်ကောင်စီသည် မတ် ၂၇ ရက်နေ့ တစ်ရက်တည်းတွင်ပင် လေကြောင်းမှနေ၍ ဗုံးသီးပေါင်းအလုံး ၁၀၀ ကျော်ကြဲချခဲ့ကြောင်း သိရသည်။

ယနေ့ ဧပြီ ၃ ရက်နေ့ထိ တိုက်ပွဲဆက်လက်ပြင်းထန်နေကာ စစ်ကောင်စီဘက်က စစ်အင်အားနှင့်ရိက္ခာများကို လေကြောင်းမှ ဖြည့်တင်းလျက်ရှိသည်ဟု ဆိုသည်။

ဆွမ်ဘရာဘွမ်မြို့နယ်ကို KIA က ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ မတ် ၉ ရက်နေ့တွင် ဆွမ်ဘရာဘွမ်ရဲစခန်းမှ စခန်း မှူး၀င်းကိုနှင့် တပ်ဖွဲ့၀င် ၁၃ ဦးတို့ KIA တပ်မဟာ ၁ ထံ လက်နက်ချ အညံ့ခံခဲ့ကြသည်။

ထို့ပြင် မြို့နယ်အတွင်းရှိ စစ်ကောင်စီ တပ်စခန်း သုံးခုကိုပါ သိမ်းဆည်းရမိခဲ့သည့်အတွက် ဆွမ်ဘရာဘွမ်မြို့နယ်တွင် စစ်ကောင်စီ၏ ခလရ-၄၆ တပ်ရင်းတစ်ခုသာ ကျန်ရှိ နေခြင်းဖြစ်သည်။

#ကချင် #ဆွမ်ဘရာဘွမ် #ခလရ၄၆ #KIA #တိုက်ခိုက် #စစ်ကောင်စီ #လေကြောင်း #ဗုံးကြဲ #Ayeyarwaddy_Times