
ဧရာဝတီတိုင်းမ်
ဧပြီ ၃ ရက်
ထိုင်ဝမ်ကျွန်းဆွယ် ထိုင်ဝမ်နိုင်ငံ ဟူလင်း ( Hualien) မြို့တွင် ယနေ့ ဧပြီ ၃ ရက်နေ့ နံနက်ပိုင်းက အနက် ၂၁ ကီလိုမီတာမှ ပြင်းအားရစ်တာစကေး ၇ ဒသမ ၄ အဆင့်ဖြင့် ငလျင်လှုပ်ခတ်လိုက်ခဲ့ရာ လူ လေးဦး သေဆုံးပြီး ၅၇ ဦး ဒဏ်ရာရကြောင်း CNN သတင်းဌာနတွင် ဖော်ပြထားသည်။
အဆိုပါ ငလျင်သည် နှစ်ပေါင်း ၂၅ နှစ်အတွင်း အင်အားအပြင်းထနါ်ဆုံး လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ငလျင်ကြောင့် အနည်းဆုံး လူလေးဦး သေဆုံးပြီး ၅၇ ဦး ဒဏ်ရာရခဲ့ကြောင်း ထိုင်ဝမ်အမျိုးသား မီးသတ်အေဂျင်စီ၏ ပြောကြားချက်ကို CNN သတင်းဌာနက ကိုးကားဖော်ပြထားသည်။
အဆိုပါငလျင်သည် ဟူလင်းတောင်အနီးတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ သေဆုံးသူများ ထဲတွင် တောင်တက်သမား တစ်ဦးပါဝင်ပြီး တာဝန်ရှိသူများက အသေအပျောက် အချက်အလက်များကို စုဆောင်းနေဆဲဖြစ်ကြောင်း သိရသည်။
ပြင်းအားရစ်တာစကေး ၇ ဒသမ ၄ အဆင့်ရှိ အဆိုပါငလျင်သည် ထိုင်ဝမ်ကျွန်းဆွယ် အရှေ့ဘက်တွင်လှုပ်ခတ်ခဲ့ခြင်းဖြစ်ကာ အဆောက်အအုံများစွာ ပြိုကျသည့်အပြင် မြေအလွှာလိုက်မြေပြိုကျခြင်းများဖြစ်ပေါ်ခဲ့ကြောင်း CNN က ဖော်ပြထားသည်။
ထိုင်ဝမ်တွင် ငလျင်လှုပ်ခတ်မှုကြောင့် ကယ်ဆယ်ရေးစခန်းများတွင် စစ်ဘက်ဆိုင်ရာ ဝန်ထမ်းများကို စေလွှတ်ထားပြီး စာသင်ကျောင်းများနှင့် လုပ်ငန်းခွင်များကို ရပ်ဆိုင်းထားရကြောင်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနထံက သိရသည်။
ငလျင်အရှိန်ကြောင့် ထိုင်ဝမ်၊ ဂျပန်တောင်ပိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင် လှိုင်းအနည်း ငယ်လှုပ်ခတ်မှုရှိကာ ကမ်းရိုးတန်းအချို့တွင် မီတာဝက်ထက်မနည်းသော လှိုင်းလုံး များကို သတိပြုမိ၍ လေကြောင်းလိုင်းများကို လေကြောင်းပျံသန်းမှုများ ရပ်ဆိုင်း ထားရန် လှုံ့ဆော်ခဲ့သော်လည်း နောက်ပိုင်းတွင် ဆူနာမီ သတိပေးချက်အားလုံးကို ရုတ်သိမ်းခဲ့ကြောင်းသိရသည်။
ထိုင်ဝမ်၌ ၁၉၉၉ ခုနှစ်တွင် ပြင်းအား ရစ်ခ်ျတာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်သည် ထိုင်ပေမြို့တောင်ဘက် ၉၃ မိုင် (ကီလိုမီတာ ၁၅၀) အကွာတွင် လှုပ်ခတ်ခဲ့ပြီး လူပေါင်း ၂,၄၀၀ သေဆုံးကာ အခြား ၁၀,၀၀၀ ဒဏ်ရာရရှိကြောင်း ဗဟိုမိုးလေဝသ စီမံခန့်ခွဲရေးအဖွဲ့က ဆိုသည်။
ဓာတ်ပုံ – The Guardian , CNN
#Taiwan #earthquake #ထိုင်ဝမ်ငလျင် #လှုပ်ခတ် #ပြင်းအားများ #၄ဦးသေဆုံး #၅၇ဦးဒဏ်ရာရ #Ayeyarwaddy_Times