ဧရာဝတီတိုင်းမ်
ဧပြီ ၂ ရက်

ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့ အမှတ်(၄)ရပ်ကွက်ရှိ ဗိုလ်ချုပ်လမ်းပန်းခြံအတွင်း ပျုစောထီးအဖွဲ့မှဗုံးထောင်၍ တော်လှန်ရေးအင်အားစုများက ထောင်သည်ဟု အကြောင်းပြကာ အနီးအနားရှိလူငယ် ငါးဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများထံကသိရသည်။

ပြီးခဲ့သည့်မတ်လ၃၀ရက်နေ့လည်က ကျိုက်လတ်မြို့ အမှတ်(၄)ရပ်ကွက်ရှိ ဗိုလ်ချုပ်လမ်းပန်းခြံအတွင်း ‌ဗုံးတွေ့ရှိသည်ဟုဆိုကာ စစ်ကောင်စီတပ်နှင့်ရဲအဖွဲ့ အင်အား ၂၀ ဦးထက်မနည်း မှ လာရောက်စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး ဗုံးထောင်သူများမှာ ပျူစောထီးအဖွဲ့ဝင်များဖြစ်နေကြောင်း ပန်းခြံအနီး နေထိုင်သည့် ဒေသခံများထံကသိရသည်။

“ပန်းခြံမှာဗုံးတွေ့တယ်ဆိုပြီးတော့ ရဲတွေနဲ့ စစ်တပ်တွေပါရောက်လာတာ။ ဗုံးကိုတော့တပ်ကလူတွေလာယူသွားတယ်။ ဗုံးမတွေ့ခင် မနက်အစောပိုင်း ၄နာရီလောက်မှာ ဆိုင်ကယ်နှစ်စီးက ပြည်သူ့စစ်ဝတ်စုံအစိမ်းရောင်နဲ့နှစ်ယောက်ပန်းခြံထဲဝင်သွားတာ ဈေးသည်တွေတွေ့လိုက်တယ်လို့ပြောကြတယ်။ မြို့ထဲမှာက ပြည်သူ့စစ်တွေနဲ့ စစ်တပ်တွေပဲ ကင်းလှည့်နေတာ။အပြင်လူကဘယ်သူမှမသွားရဲဘူးလေ။ အဲ့တော့သူတို့အချင်းချင်းဗုံးထောင်လုပ်ပြတာပဲဖြစ်မယ်”ဟု ပန်းခြံအနီးအနီးနေထိုင်သည့် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ယင်းသို့စစ်ဆေးရှာဖွေစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် အနီးအနားရှိ အသက် ၂၀ နှစ်ကျော်အရွယ်လူငယ်အမျိုးသား ငါးဦးကို စစ်ကောင်စီတပ်နှင့်ရဲအဖွဲ့မှ ဖမ်းဆီး၍ တော်လှန်ရေးအဖွဲ့များက ဗုံးထောင်သည်ဟု ဝါဒဖြန့်မှုများပြုလုပ်နေကြောင်း ရပ်ကွက်ဒေသခံများထံကသိရသည်။

“ ပန်းခြံအနားကကောင်လေး ငါးယောက်ကို စစ်တပ်နဲ့ရဲတွေဖမ်းသွားတယ်။ ပန်းခြံထဲကို PDFအဖွဲ့တွေလာပြီးတော့ ဗုံးလာထောင်တယ်။ အကြမ်းဖက်မှုလုပ်တယ်ဆိုပြီးတော့ ဝါဒဖြန့်ထားတယ်။ ဘယ်သူကမှမယုံဘူး။ သူတို့ဘာသာဗုံးထောင်သူတို့ဘာသာ ပဲပြန်ဖြုတ်နေတာ။ တမင်တကာလူတွေကိုလိုက်လှည့်စားနေတာ”ဟု အမှတ်(၄)ရပ်ကွက်ဒေသခံတစ်ဦးကဆိုသည်။

ကျိုက်လတ်မြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစ၍မြို့တွင်းနှင့် မြို့အနီးကျေးရွာများတွင် တော်လှန်ရေးအင်အားစုများ ရောက်ရှိနေသည်ဟုအကြောင်းပြကာ စစ်ကောင်စီတပ်၊ ရဲနှင့်ပျူစောထီး(ပြည်သူ့စစ်)အဖွဲ့များမှ နေ့ရောညပါ ကင်းလှည့်မှုများ ပြုလုပ်နေသည့်အပြင် မကြာခဏ ဗုံးတွေ့ရှိသည်ဟုဆိုကာ ဝါဒဖြန့်မှုများရှိနေကြောင်း မြို့ခံများထံကသိရသည်။

ပုံစာ- ကျိုက်လတ်မြို့၊ ဗိုလ်ချုပ်လမ်း ပန်းခြံအတွင်း တွေ့ရသည့် မြေမြုပ်မိုင်းကို တွေ့ရစဉ်
ဓာတ်ပုံ-စစ်ကောင်စီဝါဒဖြန့်PAN မီဒီယာ
#ဗိုလ်ချုပ်လမ်းပန်းခြံ #စစ်ကောင်စီ #ဗုံထောင် #တော်လှန်ရေးအင်အားစု #လူငယ်၅ဦးကိုဖမ်းဆီး #Ayeyarwaddy_Times