မြရာ/ဧရာ၀တီတိုင်းမ်
ဧပြီ ၃ ရက်

စစ်မှုထမ်းဥပဒေဖြင့် စစ်မှုထမ်းကြမည့်သူများကို တိုင်းချစ်ပြည်ချစ်စိတ်၊ နိုင်ငံတော် ကာကွယ်လိုစိတ် ထာဝရကိန်းအောင်းသွားစေရေး ဆောင်ရွက်သွားရန် လိုသကဲ့သို့ နောင် တာဝန်ထမ်းဆောင်ကြမည့် မျိုးဆက်သစ် နိုင်ငံသားများကိုလည်း နိုင်ငံတော် အတွက် တာဝန်ထမ်းဆောင်ကြမည်ဟူသည့် ခံယူချက်မျိုးဖြစ်လာရေး ကြိုးစားဆောင်ရွက်သွား ရမည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ တောင်ညိုမြို့ အမှတ် (၂) တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ်တွင် ယမန်နေ့ ဧပြီ ၁ ရက်နေ့ မွန်းလွဲပိုင်းက ပြုလုပ်သည့် (၇၇) နှစ်မြောက် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး နှစ်ပတ် လည်နေ့အခမ်းအနားတွင် အာဏာသိမ်းစစ်ခေါင်းဆောင်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းအခမ်းအနားကို ကြည်း၊ ရေ၊ လေ ကာကွယ်ရေး ဦးစီးချုပ်များအပြင် ပြည်သူ့ဆက်ဆံရေးနှင့် စိတ် ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်မင်း ထွန်းနှင့်အဖွဲ့၀င်များအပြင် စစ်တပ်ပိုင် မြ၀တီရုပ်မြင်သံကြားမှ ၀န်ထမ်းများပါ တက်ရောက်ခဲ့ကြောင်း သိရသည်။

စစ်ခေါင်းဆောင်က အဆိုပါ အခမ်းအနားတွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စစ်မှုထမ်းကြမည့်သူများ ကို အဓိကထားပြောကြားသွားပြီး နောင်တာ၀န်ထမ်း ဆောင်ကြမည့် နိုင်ငံသားများကိုလည်း နိုင်ငံ တော်အတွက် တာ၀န်ထမ်းဆောင်ကြမည်ဟူသည့် ခံယူချက် မျိုးဖြစ်လာရေး ကြိုးစားဆောင်ရွက် သွားရမည်ဟု တိုက်တွန်းပြောဆိုခဲ့သည်။

တပ်မတော်သည် နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် ကျ ရောက်လာမည့် မည်သည့်အန္တရာယ်မျိုးကိုမဆို ကာကွယ်နေချိန်တွင် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေးအနေဖြင့် တပ်မတော်မှအားကိုးရသည့် လက်ရုံးတပ်ဖွဲ့တစ်ခုဖြစ်စေရန် စဉ်ဆက်မပြတ်ကြိုး ပမ်းရမည်ဟု စစ်ခေါင်းဆောင်က ဆိုသည်။

“အဲဒီတပ်(ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတပ်)က ပြောရရင် ဂျင်းထည့်နေတဲ့ နေရာပေါ့။ စိတ်ဓာတ်စစ်ဆင်ရေးဆိုပြီး ဝါဒဖြန့်နေတဲ့နေရာ။ စစ်တပ်ရဲ့ ဝါဒဖြန့်သတင်းစကားတွေကို အဓိကဖြန့်ဝေ ပေးနေပြီး မဟုတ်တာတွေထွက်ထွက်ပြောရတဲ့ ဗိုလ် ချုပ်ဇော်မင်းထွန်းရဲ့ ရုံးလို့လည်း ပြောရမှာပေါ့”ဟု CDM ဗိုလ်ကြီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတပ်သည် စစ်ကောင်စီအင်အားစုကြီး တစ်ခုလုံးကို စိတ်ဓာတ်ဖြင့်တည်ဆောက်ပြီး ပြည်သူနှင့်တပ်မတော် တစ်သားတည်း ဖြစ်စေရန်အထိ စွမ်းပကားရှိကြောင်း စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။

လက်ရှိတွင် စစ်မှုထမ်းဆောင်ရန်အတွက် စစ်သင်တန်းသို့ခေါ်ယူခံရသည့် တိုက်ကြီး မြို့နယ်နေ အသက် ၂၇ နှစ်အရွယ် ကိုကိုလတ်ခေါ် အမာနွတ်လာကို မင်္ဂလာဒုံမြို့နယ်ရှိ တပ်ရင်းစခန်းတစ်ခုမှ ခေါ်ဆောင် သွားရာတွင် ၄ ရက်အကြာ၌ မင်္ဂလာဒုံစစ်ဆေးရုံတွင် ရိုက်နှက်ခံရသည့် ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း သိရသည်။

၎င်းသေဆုံးသည်ကို မိသားစုထံ အကြောင်းကြားပြီး မိသားစုက မင်္ဂလာဒုံစစ်ဆေးရုံတွင် သွားရောက်ထုတ်ယူရာ၌ တစ်ကိုယ်လုံးရိုက်နှက်ဒဏ်ရာများအပြင် သင်္ဂြိုဟ်ရန် ပြုလုပ်သည့် အချိန်အထိ ပါးစပ်မှသွေးများအန်ထွက်နေကြောင်း သိရသည်။

ထွက်ပေါ်လာသည့် ‌ရုပ်သံမှတ်တမ်းများအရ စစ်မှုထမ်းဆောင်ရန် ရောက်ရှိလာသည့် သင်တန်းသားသစ်များကို ပုံစံမကျဟုဆိုကာ စစ်ကောင်စီတပ်သားများက ဝိုင်း၀န်း ရိုက်နှက်မှုများကြောင့် စစ်ဆေးရုံသို့ တင်ပို့ရမှုများရှိကြောင်း တပ်တွင်းသတင်းရင်းမြစ် ထံက သိရသည်။

ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး တပ်ဖွဲ့ဝင်များသည် တာဝန်များကို ထမ်းဆောင်ရာတွင် ပင်ကိုပါရမီနှင့် အသီးသီး သင်ကြားတတ်မြောက်ထားသည့် စာပေ၊ ဂီတ၊ အနုပညာ၊ မီဒီယာဆိုင်ရာ အတတ်ပညာရပ်များဖြင့် တပ်မတော်သားများနှင့် တပ်မတော်သားမိသားစုဝင်များ၏ ပညာရည်မြင့်မားရေး၊ တပ်တွင်းစည်းလုံး ညီညွတ်ရေး၊ ရှေ့တန်းရောက် တပ်မတော်သားများ၏ တိုက်ပွဲဝင်စိတ်ဓာတ်များ ရှင်သန်နိုးကြားစေရေးတို့အတွက်လည်း သမိုင်းအဆက်ဆက်မှ ယနေ့ထက်တိုင် ကျေပွန်စွာ ထမ်းဆောင်နေကြသည်ကို တွေ့မြင်နေရဆဲဖြစ်သည်ဟု စစ်ခေါင်းဆောင်က ဆိုထားသည်။

ဓာတ်ပုံ-စစ်ကောင်စီ
ပုံစာ- နှစ်ပတ်လည်အခမ်းအနားတက်ရောက်နေ သည့် စစ်ခေါင်းဆောင်
#စစ်မှုထမ်းဥပဒေ #စစ်မှုထမ်း #နိုင်ငံတော်တာဝန်ထမ်းဆောင် #ကြိုးစားဆောင်ရွက် #စစ်ခေါင်းဆောင် #Ayeyarwaddy_Times