အယိုက်လင်း/ဧရာဝတီတိုင်းမ်
ဧပြီ ၂ ရက်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့တွင် မြေမြုပ်မိုင်း နင်းမိ၍ အသက် ၆၅ နှစ်အရွယ် ဦးလိုက်ထန်ဟု သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ဆမီးမြို့ အမှတ် (၂) ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသား တစ်ဦးသည် ယမန်နေ့ ဧပြီလ ၁ ရက်၊ နေ့လည် ၁၁ နာရီခန့်တွင်တွင် ၎င်း၏ တောင်ယာခင်းသို့ သွားသည့် လမ်းတစ်နေရာတွင် မြေမြှပ်မိုင်း နင်းမိ၍ ခြေနှစ်ဖက် ပြင်းထန်ဒဏ်ရာရရှိပြီး သေဆုံးသွားခြင်းဖြစ်သည်။

“အခု မိုင်းနင်းမိတဲ့ လမ်းက အရပ်သားတွေ အမြဲအသုံးပြုတာ မဟုတ်ပေမယ့် ရံဖန်ရံခါ အသုံးပြုတဲ့ လမ်းဖြစ်ပါတယ်။ မနေ့က အရပ်သား တစ်ဦးဟာ အဲ့လမ်းကနေ သွားလို့ အခုလို မိုင်းနင်းမိတာ ဖြစ်ပါတယ်။ ဒီမနက် ကျောက်တော် ဆေးရုံကို ပို့တယ်။ ဆေးရုံအရောက်မှာဘဲ လူနာက ဆုံးသွားတယ်။ ဆမီးနယ် တစ်ခုလုံးက တိုက်ပွဲဖြစ်တဲ့ နေရာချည်းပါဘဲ။ မိုင်းနဲ့ တခြား စစ်ကျန်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းရေးမလုပ်ရသေးဘူး” ဟု ဆမီးမြို့ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ မိုင်းသည် မည်သည့် လက်နက်ကိုင် အဖွဲ့စည်းများမှ ထောင်ထားသည့် မိုင်းဖြစ်ကြောင်း မသိရှိသော်လည်း ယင်းနေရာတွင် ယခင်က ရက္ခိုင့်တပ်တော်(AA)၊ ချင်းလက်နက်ကိုင်တပ်ဖွဲ့၊ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားသည့် နေရာလည်းဖြစ်ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် မတ်လက မြေမြုပ်မိုင်းကြောင့် ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် အရပ်သား တစ်ဦးသေဆုံးပြီး နှစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့သလို မင်းတပ်မြို့နယ်တွင် အရပ်သား တစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။

ပုံစာ- မြေမြုပ်မိုင်းကြောင့် သေဆုံးသွားသူကို တွေ့ရစဥ်။

#ချင်းပြည် #ပလက်ဝ #ဆမီး #မြေမြုပ်မိုင်း
#အရပ်သားတစ်ဦးသေဆုံး #Ayeyarwaddy_Times