ဧရာဝတီတိုင်းမ်
(နတ်တလင်း)၊ ဧပြီ ၂ ရက်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့ကို ယမန်နေ့ ဧပြီ ၂ ရက်၊ နေ့လယ် ၁ နာရီဝန်းကျင်တွင် တော်လှန်ရေး ပူးပေါင်းအဖွဲ့များက ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် အောင်ချမ်းသာ အောက်သစ်လုံးရွာတွင် အထိုင်ချ တပ်စွဲနေစဉ် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိနစ် ၂၀ နီးပါးကြာမြင့်သည့် အပြန်အလှန် ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်သား နှစ် ဦး စနိုက်ပါထိမှန်၍ သေဆုံးခဲ့ပြီး အခြား အတည်မပြုနိုင်သည့် ထိခိုက်သေဆုံးမှုများလည်းရှိကြောင်း သိရသည်။

“စစ်‌ကောင်စီတပ်က သစ်လုံးရွာမှာထိုင်နေတုန်း ကျွန်တော်တို့ Phoenix D F က လက်နက်ကြီး လက်နက်ငယ်များ နှင့် စနိုက်ပါ နဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ အပြန်အလှန်ပစ်ခတ်ခဲ့တာ မိနစ် ၂၀ ခန့်ကြာပါတယ်။ ကျွန်တော်တို့ ရဲဘော် များကတော့ထိခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ပါတယ်။ အခုလက်ရှိအဲ့ဒီအဖွဲ့ကတော့ တိုက်ပွဲဖြစ်ရာနေရာကနေ ထွက်ခွာသွားပြီး ခပေါင်းပင်ရွာဘက်ရောက်နေတယ်လို့ သိရတယ်” ဟု Phoenix D F တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ထိုသို့ တိုက်ခိုက်မှုအတွင်း လက်နက်ကြီး လက်နက်ငယ်များအပြင် ဒရုန်းဖြင့်ပါ တိုက်ခိုက်မှုများကြောင့် ထိခိုက်မှုနည်းပါး‌စေရန်အတွက် ပူးပေါင်းတပ်ဖွဲ့ဘက်မှ ပြန်လည် ဆုတ်ခွာ ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို သာယာဝတီခရိုင်၊ အမှတ်(၁) တပ်ရင်း-၃၈၀၁၊ တပ်ခွဲ-၂ Phoenix D F၊ တပ်ခွဲ-၄ Bamar Revolution Army (BRA) နှင့် ပြည်ခရိုင်တပ်ရင်း-၃၆၀၁၊ တပ်ခွဲ-၂ AYEYAR NYI NAUNG တပ်ဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်သည့်အတွက် ပြည်သူများအနေဖြင့် ပဲခူး ရိုးမအတွင်းသွားလာခြင်း စစ်ကောင်စီတပ်များနှင့် အနီးကပ်နေခြင်းများ မပြုလုပ်ကြ ရန်လည်း Phoenix D F အဖွဲ့က သတိပေးထုတ်ပြန်ထားသည်။

ဓာတ်ပုံ – Bago Region PDF

#နတ်တလင်း #တိုက်ပွဲ #PDF #စစ်ကောင်စီခန်း #စနိုက်ပါပစ်ခတ်ခံရ #သေဆုံး #Ayeyarwaddy_Times