မြရာ/ဧရာ၀တီတိုင်းမ်
ဧပြီ ၂ ရက်
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ဗန်းမော်-လွယ် ဂျယ်လမ်းရှိ စစ်ကောင်စီ၏ စိန်လုံဗျူဟာစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က သိမ်းပိုက်ပြီးနောက် လက်နက်ကြီး၊ လက်နက်ငယ်များကို မြေသယ်ယာဉ်များဖြင့်ပင် သယ်ယူနေရကြောင်း သိရသည်။
KIA သည် စစ်ကောင်စီ၏ စိန်လုံဗျူဟာစခန်းကို ယမန်နေ့ ဧပြီ ၁ ရက်နေ့ နံနက် ၇ နာရီက သိမ်းပိုက်ခဲ့ပြီးနောက် စခန်းအတွင်းရှိ အမြောက်များ၊ လက်နက်ကြီး ကျည်များအပြင် လက်နက်ခဲယမ်းများစွာကို မြေသယ်ယာဉ်များဖြင့် သယ်ယူနေသည်ကို ကချင်စစ်ရေးသတင်းရင်းမြစ်ထံက ရရှိသည့် ရုပ်သံမှတ်တမ်းအရ သိရသည်။
“ဒီစခန်းကုန်းက နှစ် ၇၀ ကြာအခြေချထားတဲ့ တပ်စခန်းမို့လို့ လက်နက်တွေလည်း အများကြီးရတယ်။ ဗျူဟာစခန်းဆိုတော့ လေယာဉ်ကွင်းလည်းရှိတယ်။ ကျည်တွေဆိုတာလည်း ဂိုထောင်လိုက်ကို သိမ်းဆည်းရခဲ့တာ။ လွယ်ဂျယ်မှာတော့ အကြီးဆုံးစစ်စခန်းပဲ” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါ စိန်လုံဗျူဟာစခန်းသည် စစ်ကောင်စီ၏ စစ် ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၂၁ တပ်မမှူး ကိုယ်တိုင်ထိုင်သည့် ဗျူဟာစခန်းဖြစ်ပြီး မိုးမောက်-လွယ်ဂျယ်တောင်ပေါ်လမ်းပိုင်းတွင် အကြီးဆုံးတပ်စခန်းဖြစ်ကာ လွယ်ဂျယ်မြို့ပေါ်၌ နောက်ဆုံးကျန်ရှိသည့် စစ်စခန်းလည်းဖြစ်သည်။
ယင်းစခန်းကို သိမ်းပိုက်ခဲ့ပြီးနောက်မြန်မာ-တရုတ် နယ်စပ်ရှိ လွယ်ဂျယ်မြို့နှင့် နယ်စပ်ဂိတ်ကိုပါ KIA က ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။
ယမန်နေ့က စခန်းသိမ်းပြီးနောက် လွယ်ဂျယ်မြို့၌ နောက်ဆုံးကျန်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့များ၊ ရဲစခန်းများမှရဲများနှင့် လုံခြုံရေးယူထားသည့် တပ်ဖွဲ့များပါ မြို့မှ ထွက်ခွာသွားကြပြီဖြစ်ကြောင်း သိရသည်။
လွယ်ဂျယ်မြို့ရှိ ဒေသခံများအနေဖြင့် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲလာမည့်အန္တရာယ်နှင့် တပ်ရင်းတချို့မှ ကျန်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့၀င်များ၏ ပစ်ခတ်မှုအန္တရာယ်များကြောင့် မြို့မှခေတ္တထွက်ခွာရန် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က အကြောင်းကြားထားကြောင်း သိရသည်။
ပုံစာ – စစ်ကောင်စီ၏စိန်လုံဗျူဟာကုန်းမှ လက်နက်များကို KIA ရဲဘော်များက မြေသယ်ယာဉ်ဖြင့် သယ်ယူနေပုံ
#ကချင် #မိုးမောက် #လွယ်ဂျယ် #စိန်လုံဗျူဟာစခန်း #KIAသိမ်းပိုက် #လက်နက်ကြီးများ #မြေသယ်ယာဉ် #သယ်ယူ #Ayeyarwaddy_Times