ဧရာဝတီတိုင်းမ်
ဧပြီ ၂ ရက်
ဧရာဝတီတိုင်းမှ အခြားဒေသများသို့သွားလာမည်ဆိုပါက မှတ်ပုံတင်အပြင် ရပ်ကျေးထောက်ခံစာနှင့် ရဲစခန်းထောက်ခံစာများပါ ယူဆောင်သွားနေရကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီ၏ ပထမအကြိမ် စစ်မှုထမ်းရန် မဲနှိုက်ပြီးနောက် လူငယ်အများအပြား ဧရာဝတီတိုင်းမှ နေ့စဥ်ထွက်ခွာနေကြသည့်အတွက် ဧရာဝတီတိုင်းမှ ထွက်ခွာပါက မှတ်ပုံတင်အပြင် ထောက်ခံစာနှင့် ရဲစခန်းထောက်ခံစာများကိုပါယူဆောင်ခိုင်းနေကြခြင်း ဖြစ်သည်။
“အခုကျွန်တော်တို့ တိုင်းထဲက ဘယ်မြို့ကနေပဲ ဖြစ်ဖြစ် ခရီးသွားမယ်ဆို အရင်က မှတ်ပုံတင်ပါရင်ရတယ် ။ အခုနောက်ပိုင်းမှာ မှတ်ပုံတင်ပါတာနဲ့တင်မရတော့ဘူး ။ ကိုယ်လာတဲ့နေရာကအုပ်ချုပ်ရေးမှူးထောက်ခံစာ ပြီးရင် ရဲစခန်းထောက်ခံစာ နောက် စမတ်ကဒ်တွေပါ ယူသွားနေရတယ် အဲ့ဒါတွေမပါရင် ကားတွေကလည်းလက်မှတ်မဖြတ်ပေးဘူး “ဟု ဝါခယ်မမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။
ခရီးသွားလာရာတွင် ထောက်ခံစာအများအပြားယူဆောင်သွားလာရခြင်းကြောင့် ဒေသခံများအနေဖြင့် ထောက်ခံစာယူရာတွင် အခက်ခဲများရှိနေပြီး အုပ်ချုပ်ရေးမှူးများမှ စစ်ဆေးမေးမြန်မှုများကိုပါ ခံနေရကြောင်း ဝါးခယ်မမြို့နယ်မှ ဒေသခံများထံမှသိရသည်။
“တစ်နေရာကနေတစ်နေရာသွားဖို့အရေးကို ရဲစခန်းသွားယူရလိုက် အုပ်ချုပ်ရေးမှူးရုံးပြေးရလိုက်နဲ့ တစ်နေကုန်အချိန်ပေးရတယ် ။ ဒီကြားထဲ အုပ်ချုပ်ရေမှူးတွေက ဘာသွားလုပ်မှာလည်းတို့ PDF ထဲသွားဝင်ဖို့လုပ်တာလာဆိုပြီးတောင်မေးတယ် ။ ထောက်ခံစာဖိုးပေးရတဲအပြင် လူတွေကိုပါ တရားခံလိုကြည့်ပြီးမေးနေကြတာ “ဟု ဝါးခယ်မမြို့နယ်မှဒေသခံ အမျိုးသားတစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဧရာဝတီတိုင်းအတွင်းရှိ စစ်သင်တန်းကျောင်း နှစ်ကျောင်းတွင် မတ်လ ၃၁ ရက်နေ့မှ စတင်ကာ အင်အား၈၀၀ ဝန်းကျင်ဖြင့် အခြေခံစစ်သင်တန်းပေးနေကြောင်း သိရသည်။
#ဧရာဝတီတိုင်း# မှတ်ပုံတင်# ရပ်ကျေးထောက်ခံစာ #ရဲစခန်းထောက်ခံစာ #Ayeyarwaddy_Times