ဒေါ်လာ၊ ရွှေ၊ စက်သုံးဆီဈေးနှုန်းနှင့် အခြေခံစားသောက်ကုန်ဈေးကွက်
( မတ် ၁၆ ရက် မှ ဧပြီ ၁ ရက်နေ့အထိ နှစ်ပတ်အတွင်းဈေးကွက်အခြေအနေ)

ဧရာဝတီတိုင်းမ်
ဧပြီ ၂ ရက်

၂၀၂၃ – ၂၀၂၄ ဘဏ္ဍာနှစ်ကုန် မတ်လတွင် ပြည်တွင်းရွှေဈေးနှုန်းနှင့် အမေရိကန်ဒေါ်လာ ဈေးနှုန်းသည် အချိန်နှင့်အမျှ တရိပ်ရိပ်မြင့်တက်နေသည်။ အဆိုပါ ဈေးနှုန်းများ မြင့်တက်နေသဖြင့် စက်သုံးဆီဈေးများပါ မြင့်တက်လာပြီး အထွေထွေကုန်ဈေးနှုန်းက အတက်မှာပင်ရှိနေသည်။

ပြည်တွင်းအကယ်ဒမီ အခေါက်ရွှေဈေးနှုန်းသည် တစ်လအတွင်း တစ်ကျပ်သားလျှင် ကျပ် ငါးသိန်း (၅၀၀,၀၀၀) အထိ မြင့်တက်သည်။ ရွှေဈေးနှင့်အတူ အထွေထွေကုန် ဈေးနှုန်းများက လိုက်ပါမြင့်တက်နေသည်။

ရှမ်းပြည်( မြောက်ပိုင်း) စစ်ဆင်ရေး များကြောင့်ပိတ်နေသော နယ်စပ်ကုန်သွယ်ရေး စခန်းအချို့ ပြန်ဖွင့်သော်လည်း ကုန်စည်စီးဆင်းမှု ရပ်တန့် နေသည်။

ထို့ပြင် မြန်မာ – တရုတ်နယ်စပ်ကုန်သွယ်ရေး ဂိတ်တစ်ခုဖြစ်သော လွယ်ဂျယ် ကုန်သွယ် ရေး စခန်းသွားရာလမ်းကြောင်းရှိ စိန်လုံတောင်စခန်းကို ကချင်လွတ် မြောက်ရေး တပ်ပူးပေါင်းအဖွဲ့က သိမ်းပိုက်ထားသဖြင့် ကုန်သွယ်ရေးလမ်းကြောင်း ယာယီ ပြတ်တောက်နေမည်ဖြစ်ကြောင်း ဗန်းမော်ဒေသခံများထံက သိရသည်။

ထို့ပြင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က စစ်ကောင်စီတပ်ဖွဲ့၀င်များ၏ ပစ်ခတ်မှုအန္တရာယ်များရှိလာနိုင်၍ လွယ်ဂျယ်မြို့ရှိ ဒေသခံများကို မြို့မှ ခေတ္တထွက်ခွာရန် အကြောင်းကြားထားကြောင်း သိရသည်။

စစ်ကောင်စီ၏ ဈေးနှုန်းထိန်းချုပ်မှုအောက်တွင်ရှိနေသည့် စက်သုံးဆီဈေးနှုန်း မြင့်တက် နေပြီး စက်ဝယ်ယူရာတွင် ခက်ခဲများဖြစ်ပေါ်နေကြောင်း မြို့ခံလူထုထံက သိရသည်။

#နိုင်ငံခြားငွေလဲလှယ်ဈေးနှုန်း

လက်ရှိအမေရိကန်ဒေါ်လာ ဈေးကွက်တွင် ဒေါ်လာဈေးအနည်းငယ် တက်လာပြီး ထိုင်းဘတ်နှင့် တရုတ်ယွမ် နိုင်ငံခြားငွေလဲလှယ်နှုန်းထားများလည်း မြင့်တက်နေကြောင်း ဈေးကွက်အတွင်းက သိရသည်။

ပြီးခဲသည့်မတ် ၁၆ ရက်မှ ၃၁ ရက်အတွင်း အမေရိကန်တစ်ဒေါ်လာလျှင် ၂၇၀ ကျပ် မြင့်တက်နေကြောင်း ငွေကြေးဈေးကွက်အတွင်းက စုံစမ်းသိရသည်။

မတ် ၁၆ ရက်နေ့ ၃၆၆၀ ကျပ်ရှိရာမှ ဧပြီ ၁ ရက်နေ့တွင် တစ်ဒေါ်လာ ၃၉၂၀ ကျပ်ဖြစ်ကြောင်း ဈေးကွက်အတွင်းသိရသည်။

“ ကမ္ဘာ့ရွှေဈေးတက်တယ်။ ပြည်တွင်းရွှေဈေးတက်တယ်။ တရုတ်နှစ်ကူးနဲ့၊ သင်္ကြန်နဲ့ဆိုတော့ ရွှေဈေးတက်တယ်။ ဒေါ်လာဈေးတက်တယ်။ လုပ်ငန်းလုပ်ဖို့ရှိတဲ့ သူတွေ ရွှေပြန်ရောင်း ထုတ်တာမျိုးဆိုဈေးကျမယ်”ဟု ဒေါ်လာရောင်းဝယ်ရေးနှင့် နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထို့ပြင်တရုတ်ယွမ်ဈေးနှုန်းသည် မတ်လ ၁၆ ရက်နေ့တွင် တစ်ယွမ် ၅၀၅ ကျပ်ဖြစ်ကာ ဧပြီ ၁ ရက်နေ့တွင် ၅၁၈ ယွမ်ဈေးရှိလာရာ မတ်လအတွင်း ၁၈ ကျပ် မြင့်တက် ကြောင်းသိရသည်။

ထိုင်းဘတ်ငွေလဲနှုန်းထားသည် မတ် ၁၆ ရက်နေ့တွင် ထိုင်းတစ်ဘတ်လျှင် ကျပ် ၁၀၂ ရှိရာမှ ဧပြီ ၁ ရက်နေ့တွင် ၁၀၅ ကျပ်ရှိသဖြင့် မတ်လအတွင်း ထိုင်းတစ်ဘတ် ၅ ကျပ်နှုန်းဝန်းကျင် ဈေးမြင့်တက်နေကြောင်း ဈေးကွက်အတွင်းက သိရသည်။

#ပြည်တွင်းရွှေဈေးနှုန်း

ကမ္ဘာရွှေဈေးနှုန်း မြင့်တက်ပြီးနောက် ပြည်တွင်းရွှေဈေးနှုန်းပါ လိုက်ပါမြင့်တက်နေပြီး တစ်လအတွင်း ကျပ် ငါးသိန်း (၅၀၀,၀၀၀) အထိ ဈေးမြင့်တက်လာကြောင်း ပြည်တွင်းရွှေ ဈေးကွက်အတွင်းက သိရသည်။

ယခုနှစ်ပတ်အတွင်း မတ် ၁၆ ရက်နေ့တွင် အကယ်ဒမီအခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် သိန်း ၄၀ မှ ဧပြီ ၁ ရက်နေ့တွင် ကျပ် ၄၄ သိန်းကျော်ထိဈေးတက်လာကြောင်း ရွှေဆိုင်များထံက သိရသည်။

ပြည်တွင်းအကယ်ဒမီအခေါက်ရွှေတစ်ကျပ်သားလျှင် မတ် ၁၆ ရက်နေ့တွင် ကျပ်လေးသိန်းကျော် ၄,၁၆၇,၀၀၀ ရှိပြီး ဧပြီ ၁ ရက်နေ့တွင် ကျပ်လေးသိန်းခွဲ့ခန့် ၄,၄၅၀,၀၀၀ ရှိကြောင်း ဈေးကွက်အတွင်းက သိရသည်။

“ရွှေဈေးတက်လည်းဝယ်သူရှိတယ်။ ဝယ်တယ်ဆိုတာ အခေါက်မဟုတ်ဘူး အခေါက် မရောင်းကြဘူး။ အရောင်းပိတ် အဝယ်ပိတ်တယ်လည်းကြားတယ်။ ရွှေထည်တွေ ဝယ်ကြတယ်။ ကံစမ်းမဲတွေပေးနေတာလေ” ဟု ရွှေဈေးနှင့်နီးစပ်သူ တစ်ဦးက ဧရာ၀တီ တိုင်းမ်ကို ပြောသည်။

ယင်းသို့ရွှေဈေးတက်ရခြင်းက ရွှေဈေးကွက်အတွင်း လေပတ်ကားရောင်းဝယ်သူများနှင့် ပွဲစားများသည် ရွှေဈေးနှုန်းများ မတန်တဆမြင့်တက်စေရန်အတွက် ဈေးကွက်အတွင်း တွင် အရောင်း အဝယ်မရှိသော ဈေးနှုန်းများကို သတင်းထုတ်လွှင့်ပြီး ဈေးကစား လျက်ရှိကြောင်း ၊ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းက မတ် ၃၀ ရက် နေ့တွင်ထုတ်ပြန်သည်။

ထို့ပြင် ရွှေဈေးကွက်ကို ကမောက်ကမ ဖြစ်စေလိုသော မသမာသူများနှင့် ရွှေဈေး ကွက် အတွင်း လေပတ်ကားရောင်းဝယ်ဆောင်ရွက်နေသည်ဟု သံသယ ရှိသူများကို သက်ဆိုင် ရာမှခေါ်ယူ စစ်ဆေးနေကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။

ပြည်တွင်းရွှေဈေးကွက်အတွင်း ပြင်ပပေါက်ဈေးနှင့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်းရည်ညွှန်း ဈေးနှုန်းထားတွင် တစ်ကျပ်သားလျှင် ကျပ် ၅ သိန်းကျော်ကွာဟ လျက် ရှိကြောင်းသိရသည်။

#ပြည်တွင်းစက်သုံးဆီဈေးနှုန်း

လက်ရှိပြည်တွင်း စက်သုံးဆီဈေးနှုန်းသည် မတ်တွင် ဈေးနှုန်းပြန်တက်လာကာ အောက်တိန်း တစ်လီတာ ၅၀ ကျပ်မှ ၆၅ ကျပ်ပတ်ဝန်းကျင်ဈေးတက်ပြီး ဒီဇယ်ဈေးအနည်းငယ်ကျကြောင်းသိရသည်။

စက်သုံးဆီဈေးအတက်၊အကျ မည်သို့ပင်ရှိစေကာမူ စက်ဆီသုံးဆီ ရှားပါးမှုကို ကြုံတွေ့ရကာ တန်းစီးစောင့်ဆိုင်းနေရကြောင်း ရန်ကုန်မြို့ခံယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

” ဒီရက်ပိုင်းဆီရတယ်ဆိုပေမဲ့ ဒီဇယ်နဲ့ ပရီမီယံဒီဇယ်ပြတ်တာတော့ရှိတယ်။ ဆီကရ တာတော့ရတယ် “ဟု ကိုယ်ပိုင်ယာဉ်မောင်းတစ်ဦးက ဆိုသည်။

ဧပြီ ၁ ရက်နေ့တွင် အောက်တိန်း ၉၂ တစ်လီတာ ကျပ် ၂၇၈၅၊ အောက်တိန်း ၉၅ တစ်လီတာ ၂၉၁၅ ကျပ်၊ ပရီမီယံဒီဇယ် ၂၄၄၅ ကျပ်၊ ဒီဇယ် ၂၄၀၀ ကျပ်ရှိကြောင်းသိရသည်။

မတ်လ ၁၆ ရက်နေ့တွင် အောက်တိန်း ၉၂ တစ်လီတာ ကျပ် ၂၇၃၀ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ကျပ် ၂၈၄၅ ၊ ပရီမီယံဒီဇယ် ၂၄၈၀ ကျပ်နှင့် ဒီဇယ် ၂၄၃၅ ကျပ် ရှိကြောင်းသိရသည်။

#အခြေခံစားသောက်ကုန်ဈေးနှုန်း

လက်ရှိအခြေခံစားသောက်ကုန်ဈေးကွက်တွင် ဆန်စပါးဈေးအနည်းငယ် ပြန်ကျလာ ကြောင်းသိရသည်။ လူသုံးကုန်ပစ္စည်းများဈေးတက်နေဆဲဖြစ်ပြီး စားဖိုဆောင်သီးနှံ ဈေးနှုန်း အနည်းငယ်ကျဆင်းကြောင်းသိရသည်။

အမြင့်မှတည်ငြိမ်နေသော ဆန်ဈေးက ယခုရက်ပိုင်းအတွင်း ဆန်အချောဈေးနှုန်း ငြိမ်နေပြီး ဆန်ကြမ်းဈေးနှုန်းအနည်းငယ်ကျကြောင်းသိရသည်။

ဆန်တစ်အိတ်လျှင် ကျပ် ၂၀၀၀ မှ ၅၀၀၀ကျပ် ကြားဈေးကျကြောင်း ဆန်လက်လီ လက်ကားရောင်းချသူများထံကသိရသည်။

ရွှေဘိုအိုးဝင်အသစ် တစ်အိတ် ၁၆၅,၀၀၀ ကျပ်၊ ကျားပျံအသစ် ၁၄၅,၀၀၀ ကျပ်၊ တောင်ပျံအသစ် ၁၃၅,၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းမွှေးအသစ် ၁၂၈,၀၀၀ ကျပ်၊ ပေါ်ဆန်းရိုးရိုးအသစ် ၁၀၅,၀၀၀ ကျပ်၊ ဇီယာ ကျပ် ၈၈၀၀၀ ရှိကြောင်း ဆန်လက်လီလက္ကားရောင်းချသူထံက သိရသည်။

ထို့ပြင်စားသုံးဆီဈေးနှုန်းတွင် ဧပြီ ၁ ရက်မှ ၇ ရက်နေ့အထိ စစ်ကောင်စီ သတ်မှတ်ဈေးအဖြစ် ရန်ကုန်အထိုင်အခြေခံလက်ကားရည် ညွှန်းဈေးနှုန်း စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၅၂၅၀ ကျပ်ဖြစ်ပြီး ယင်းသတ်မှတ်ချက်အတိုင်း ရောင်းချရမည်ဖြစ်သည်။

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအပါအဝင် စားအုန်းဆီ တင်သွင်းသည့် ကုမ္ပဏီပူး ပေါင်းပြီး စစ်ကောင်စီသတ်မှတ်ဈေးနှုန်းဖြင့် စားအုန်းဆီ ရောင်းချရာနေရာများတွင် ပြည်သူများတန်းစီးတိုးဝယ်နေရဆဲဖြစ်သည်။

လက်ရှိစားဖိုဆောင်သီးနှံဈေးနှုန်းစည် ကျပ် ၅၀၀ ခန့်အနည်းငယ်ကျကြောင်းသိရသည်။ ကြက်သွန်နီ တစ်ပိဿာ ၃၀၀၀ ကျပ်မှ ကျပ် ၃၅၀၀ ရှိပြီး ကြက်သွန်ဖြူ တစ်ပိဿာ ကျပ် ၁၄၀၀၀ ၊ အာလူးတစ်ပိဿာလျှင် ၃၅၀၀ ကျပ်ဖြစ်ကြောင်း ဈေးကွက်အတွင်း စုံစမ်းသိရသည်။

ထို့ပြင်သားငါးဈေးကွက်အတွင်း CP ကြက်ဈေးမြင့်တက်ကာ တစ်ပိဿာ ကျပ် ၁၂၀၀၀ မှ ၁၅၀၀၀ ကျပ်‌ဈေးဖြင့် တစ်လကြာမြင့်ပြီးနောက် တစ်ပိဿာ တစ်သောင်း ကျပ် အဖြစ်ပုံမှန်ဈေးတန်း ရောက်သွားကြောင်း ဈေးကွက်အတွင်းက စုံစမ်းသိရသည်။

(ဧရာ၀တီတိုင်းမ်သတင်းဌာနအနေဖြင့် ရန်ကုန်မြို့အတွင်းရှိစျေးကွက်၊ ညောင်ပင်လေး ဈေးနှင့် လက်လီဈေးကွက်တို့တွင် မတ် ၁၆ ရက်နေ့မှ ဧပြီ ၁ ရက်နေ့အတွင်း ကောက်ယူ ထားခြင်းဖြစ်ပြီး အချိန်နှင့် အမျှဈေးနှုန်း အပြောင်းအလဲ ဖြစ်ပေါ် နိုင်ပါသည်။)

#ဒေါ်လာရွှေစက်သုံးဆီဈေးနှုန်း #အခြေခံစားသောက်ကုန်ဈေးနှုန်း #စျေးကွက်သတင်း #မတ်၁၆မှဧပြီ၁ရက် #Ayeyarwaddy_Times