ဧရာ၀တီတိုင်းမ်
ဧပြီ ၂ ရက်
ရခိုင်ပြည်နယ် အမ်းမြို့နှင့် မကွေးတိုင်းကိုဆက်သွယ်ထားသည့် အမ်း-ပဒါန်း ကားလမ်းကို ရက္ခိုင့်တပ်တော် (AA) က ရက်အကန့်အသတ်မရှိ အရေးပေါ် ပိတ်ထားလိုက်ကြောင်း ယနေ့ ဧပြီ ၂ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် ရခိုင်ပြည်နယ် အမ်းမြို့နှင့် မကွေးတိုင်းကိုဆက်သွယ်ထားသည့် ကားလမ်းများတွင် စစ်အင်အားတိုးချဲ့ ခြင်း၊ တပ်ရွှေ့ပြောင်းခြင်း၊ ရိက္ခာနှင့်စစ်လက်နက်ခဲ ယမ်းများကို အရပ်သားကားများဖြင့် သယ်ဆောင်ခြင်း၊ လမ်းဘေးဝဲယာတလျှောက် စွန့်လွှတ်မိုင်းများ ထောင်ထားခြင်းတို့ ပြုလုပ်လျက်ရှိသည့်အတွက် ယနေ့ နံနက်ပိုင်းမှ စတင်၍ အမ်း-ပဒါန်းကားလမ်းကို အရေးပေါ်ပိတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့အပြင် အဆိုပါလမ်းပိုင်းတွင် AA နှင့် စစ်ကောင်စီတို့ တိုက်ပွဲများစတင် ဖြစ်ပွားလာသည့်အတွက်ကြောင့် ကားလမ်းကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ပြီးခဲ့သည့် မတ် ၂၆ ရက်နေ့မှစ၍ အမ်းနှင့် မကွေး တိုင်းအကြားတွင် နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယနေ့အထိလည်း ဆက် လက်တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။
ပြီးခဲ့သည့် မတ် ၂၆ ရက်နေ့က မကွေးတိုင်း ငဖဲမြို့နယ် တုံးကြီးကျေးရွာ၏ အရှေ့ မြောက်ဘက် မီတာ ၁၅၀၀ ခန့်အကွာတွင် စစ်ကောင်စီ၏ အင်အား ၄၀ ခန့်ပါ စစ်ကြောင်းနှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က လေး ဦးသေဆုံးပြီး ရှစ် ဦးဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
ထို့အပြင် မတ်လ ၂၈ ရက်နေ့ကလည်း ငဖဲမြို့နယ် ချောင်းဖျားရွာ၏ တောင်ဘက်က မီတာ ၇၀၀ ခန့်အကွာ တောင်ကြော၌ စစ်ကောင်စီ၏ အင်အား ၅၀ ပါ စစ်ကြောင်းနှင့် AA တို့ မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ခြောက်ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။
ထို့သို့တိုက်ပွဲများဖြစ်ပွားပြီးနောက် စစ်ကောင်စီသည် အမ်းသို့ မကွေးမှစစ်ကူပို့နိုင် သည့်လမ်းကြောင်းများကို စစ်အင်အားတိုးချဲ့လာပြီး လမ်းပိုင်းများတွင် မိုင်းများ ထောင်လာသည့်အတွက် AA က အရေးပေါ်ပိတ်ဆို့လိုက်ကြောင်း ကြေညာထားသည်။
စစ်ရေးအရ အရှုံးနှင့်ရင်ဆိုင်နေရသော စစ်ကောင်စီသည် ပြည်သူလူထုအပေါ် အကြမ်းဖက်သည့်လုပ်ရပ် နှင့် ပြည်သူကိုဦးတည်တိုက်ခိုက် သတ်ဖြတ်သည့်စစ် ရာဇ၀တ်ကျူးလွန်သည့် လုပ်ရပ်များကို ဆက်တိုက် ကျူးလွန်နေပြီး စစ်မှုအထမ်းမနေရ ဥပဒေကို ခုတုံး လုပ်၍ လူသားဒိုင်းကာအဖြစ် ပြည်သူများကိုအသုံး ပြုကာ ပြည်သူလူထုအတွင်းသို့ အကြောက်တရား ထိုးသွင်းခြင်းတို့ကို ဆက်တိုက်လုပ်ဆောင် လျက်ရှိကြောင်း AA က ဆိုထားသည်။
ပုံစာ – အမ်း-မင်းဘူး-ပဒါန်းလမ်းပိုင်း
#အမ်းပဒါန်း #ကားလမ်း #AA #အရေးပေါ် #ပိတ်ထား #Ayeyarwaddy_Times