ဧရာဝတီတိုင်းမ်
(ချင်း)၊ ဧပြီ ၂ ရက်

ချင်းလဲန်းအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဝန်ကြီး ဌာနမှ ချင်းပြည်တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားသော နယ်မြေဒေသများ တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စတင်အကောင်ထည်ဖော်‌‌ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လက်ရှိအကောင်ထည်ဖော် ဆောင်ရွက်နေသော NGO၊ INGOများ၊ ပြည်သူ့အုပ်ချုပ်ရေးများ၊ အရပ်ဖက် အဖွဲ့အစည်းများနှင့်ပူးတွဲပြီး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

“ပြီးခဲ့တဲ့ အစောပိုင်းကပေါ့လေ။ ယခင်မတ်လ ၇ ရက်နေ့က ကျွန်‌တော်တို့ ချင်းပြည် တွင်းမှာရှိတဲ့ INGOတို့၊ NGOတို့ကို ဖိတ်ခေါ်ပြီးတော့ အလုပ်ရုံဆွေးနွေးပွဲလေးတစ်ရပ် ပြုလုပ်ခဲ့တယ်။ လက်ရှိသူတို့ရဲ့ အကောင်အထည်ဖော်ဆောင်ရွက်မှုတွေကို ဘယ်လိုမျိုး ပိုပြီးတော့ ထိရောက်အောင် လုပ်ဆောင်မလဲ။ အစိုးရအနေနဲ့ သူတို့ကို ဘယ်လိုကူညီနိုင်မလဲ။ အစိုးရရဲ့ လုပ်ငန်းစဉ်မှာ ဘယ်လောက်ထိ ပူးပေါင်းဆောင်ရွက်နိုင် မလဲဆိုတာကို တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ပြုလုပ်ခဲ့တယ်” ဟု လူသားချင်းစာနာထောက် ထားရေးနှင့် ပြန်လည်ထူထောင်ရေးဝန်ကြီးဌာနမှ အစိုးရအဖွဲ့ဝင်တစ်ဦးက ဧရာဝတီ တိုင်းမ်ကို ပြောသည်။

လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဝန်ကြီးဌာနအနေဖြင့် အွန်လိုင်းပေါ်မှမဟုတ်ဘဲ မြေပြင်တွင် ရုံးစိုက်၍ လုပ်ငန်းအကောင်ထည် ဖော်ဆောင် ရွက်မှုများ ပြုလုပ်မှသာလျှင် အရပ်ဖက်အဖွဲ့အစည်းများ၊ ပြည်သူလူထုများနှင့် နီးကပ် ကာ လုပ်ငန်းအကောင်အထည်ဖော်ဆောင်နိုင်မည်ဖြစ်သည်ဟု သိရသည်။

ချင်းပြည်နယ်သည် သဘာဝဘေးအန္တရာယ်ကျရောက်မှုအများဆုံးပြည်နယ်တစ်ခုဖြစ်ပြီး အာဏာ သိမ်းပြီးနောက်ပိုင်းတွင် သဘာဝဘေးအန္တရာယ်ကျရောက်မှုအပါအဝင် စစ်ဘေး ရှောင်များ ပိုမိုများပြားလာကြောင်း ဒေသခံများနှင့်တော်လှန်ရေးအင်အားစုများ ထံက သိရသည်။

“ဝန်ထမ်းများခန့်အပ်ပြီးရင် data အချက်အလက်ကောက်ခံမှုတွေ ပြုလုပ်သွားဖို့ရှိတယ်။ အဲဒီအတွက်ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်သွားမယ်။ ပြီးရင် INGO, NGO များနဲ့ချိတ်ဆက်ပူးပေါင်းပြီးဖြစ်စေ၊ အစိုးရဝန်ကြီးဌာနအနေနဲ့ဖြစ်စေ ရရှိလာတဲ့ အချက်အလက်များကိုအခြေခံပြီး အကောင်အထည်ဖော်ဆောင်ရွက်ဖို့ကြိုး စားသွားမယ်” ဟု လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေး ဝန်ကြီးဌာန ဝန်ကြီး ဆလိုင်းမနားကီးက ပြောသည်။

ချင်းပြည်အစိုးရ၏ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လူသားချင်း စာနာထောက်ထားရေး နှင့် ပြန်လည်ထူထောင်ရေးဝန်ကြီးဌာနအောက်ရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနရုံးတွင် လစ်လပ်နေသော ရုံးအဖွဲ့မှူး ၊ ကွင်းဆင်းအရာရှိ(၁) နှင့် ကွင်းဆင်းအရာရှိ(၂) ရာထူးအတွက် ဝန်ထမ်းခေါ်ဆိုထားကြောင်းသိရသည်။

ပုံစာ-ချင်းပြည်အစိုးရဝန်ကြီးများ

#ချင်းပြည်နယ် #ပြန်လည်ထူထောင်ရေးလုပ်ငန်းများ #တော်လှန်ရေးအင်အားစုများ #ထိန်းချုပ် #နေရာများ #အကောင်ထည်ဖော် #Ayeyarwaddy_Times