
ဧရာဝတီတိုင်းမ်
ဧပြီ ၁ ရက်
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ရှိ စစ်ကောင်စီအခိုင်အမာ တပ်စွဲထားသည့်နေရာများကို ယမန်နေ့ မတ် ၃၁ရက်နေ့ နံနက် ၅နာရီ ၃၀မိနစ်ခန့်တွင် တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂၀ကျော် သေဆုံးခဲ့ကြောင်း သိရသည်။
ကောလင်းအနောက်ခြမ်း ကျောက္ကာ၊ မင်းကုန်း၊ ဖန်းခါး ကုန်းတို့ရှိ နေအိမ်များကိုမီးရှို့၍ ဘုန်းကြီး ကျောင်းနှင့် စာသင်ကျောင်းများတွင်တပ်စွဲကာ အခိုင်အမာခံစစ်ပြင် ထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ကျော်သေဆုံးပြီး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း ကောလင်းခရိုင်တပ်ရင်း-၂ က ထုတ်ပြန် ထားသည်။
“တိုက်ပွဲဖြစ်တာမှာ စစ်ကောင်စီဘက်က ၂၀ကျော်သေဆုံးပြီး ထိခိုက်သူများတယ်။ ကျွန်တော်တို့ဘက်ကတစ်ဦး ဒဏ်ရာရတယ်။ အဲဒီ့ရွာတွေကတော့ ဒေသခံတွေ မရှိ တော့ပါဘူး။ သူတို့တွေ(စစ်ကောင်စီတပ်သားများ)ပဲ ဝင်ထွက်မီးရှို့ ပစ္စည်းယူနေ ကြတာပေါ့” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယခုတိုက်ခိုက်မှုကို ကောလင်းခရိုင် အမှတ်(၂)တပ်ရင်း၊ ကန့်ဘလူခရိုင် အမှတ် (၁) တပ်ရင်း၊ ခရိုင်ပကဖ၊ ကောလင်းဇုန် ၃၊ ၅၊ ၆ နှင့် ပကဖလက်နက်ကြီးအဖွဲ့ ယင်းမာ ပင်ပူးပေါင်းအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့က ကောလင်းမြို့ နှင့် မြု့ပေါ်ရှိ ရပ်ကွက် (၈) ရပ်ကွက်လုံးကို ထိန်းချုပ်ခဲ့ပြီး ကောလင်းမြို့နယ် အတွင်းရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများပြုလုပ်လျှက်ရှိကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် မတ် ၂၁ ရက်နေ့ကလည်း ယခုတပ်စွဲနေသည့် မင်းကုန်း၊ ဖန်းခါးကုန်းနှင့် ရွာမရွာ၊ စံတော်သာ၊ ကျောက်ကြမ်းတောင်တို့ကို အင်အား ၂၀၀ခန့်ဖြင့် စစ်ကြောင်းခွဲကာ စစ်ကြောင်းထိုးလာသည့် အတွက် တော်လှန်ရေး တပ်ဖွဲ့များနှင့် အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ကောလင်းမြို့ ဝန်းသို၊ ကန့်ဘလူဘက်သို့ စစ်အင်အားတိုးချဲ့ လျက်ရှိပြီး ကန့်ဘလူ ၆၀၀၆ တပ်ရင်းအတွင်းသို့ လေယာဉ်များဖြင့် နေ့စဉ်နီးပါး စစ်အင်အား ပို့ဆောင်လျက်ရှိကြောင်း သိရသည်။
ပုံစာ- ကောလင်း ခံသာရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့များကျန်ရှိခဲ့သည့် ပစ္စည်းများ
#ကောလင်း #စစ်ကောင်စီ #အခိုင်အမာတပ်စွဲ #တော်လှန်ရေးတပ်ဖွဲ့များ #ဝင်ရောက်တိုက်ခိုက် #Ayeyarwaddy_Times