အယိုက်လင်း/ဧရာဝတီတိုင်းမ်
ဧပြီ ၁ ရက်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် မိုးများရွာသွန်းပြီး လေပြင်းမုန်တိုင်း တိုက်ခိုက်သောကြောင့် မြန်မာစစ်ဘေးရှောင် နေအိမ် ရှစ်လုံးခန့် ပျက်စီးသွားကြောင်း စစ်ဘေးရှောင်များထံက သိရသည်။

မီဇိုရမ်ပြည်နယ်၊ အိုင်ယောလ် ခရိုင် နှင့် ခွာလာရှိ ခရိုင် တို့တွင် ယမန်နေ့ မတ်လ ၃၁ ရက်၊ ဒေသစံတော်ချိန် မနက် ၁၀ နာရီ ဝန်းကျင်တွင် မိုးများအဆက်မပြတ်ရွာသွန်း၍ လေပြင်းမုန်းတိုင်းများ တိုက်ခိုက်သောကြောင့် သစ်ပင်များပြိုလှဲကာ စစ်ဘေးရှောင် နေအိမ်များ အမိုးလန်ပျက်စီးသွားခြင်းဖြစ်သည်။

“အစပိုင်းတော့ မိုးလောက်ဘဲ ရွာသွားတာ။ တစ်ဖြည်းဖြည်းနဲ့ မိုးလည်း ပြင်းထန်ပြီး လေပြင်းမုန်တိုင်းပါ တိုက်ခိုက်သွားတယ်။ စစ်ဘေးရှောင် နှစ်နေရာ နေအိမ်အချို့ ပျက်စီးသွားတယ်။ ပျက်စီးသွားတဲ့ အိမ်တွေဟာ ခေါင်မိုးလန်တာ၊ သစ်ပင်ပိတာ ဖြစ်တယ်။ လူထိခိုက်မှုတော့ မရှိဘူး။ လောလောဆယ် သစ်ပင်ပိတဲ့ နေအိမ်တွေက အသစ်ပြန်ဆောက်ရမယ်။ အမိုးလန်တဲ့ အိမ်တွေက ပြုပြင်ရမယ်။ အိမ်အသစ် ပြန်ဆောက်၊ ပြုပြင်ဖို့ အရေးပေါ် အကူညီလိုအပ်တယ်” ဟု မြန်မာစစ်ဘေးရှောင် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များသည် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် နှင့် မတူပီမြို့နယ်တို့မှ ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ဘေးရှောင်များဖြစ်ပြီး အိုင်ယောလ် ခရိုင်၊ ရှီမွေး စစ်ဘေးရှောင် စခန်းမှ နေအိမ် သုံးလုံး၊ ခွာလာရှိ ခရိုင်၊ ခမ်ရမ်း စစ်ဘေးရှောင်မှ နေအိမ် ငါးလုံး စုစုပေါင်း ရှစ်လုံးခန့်ပျက်စီးသွားကြောင်း သိရသည်။

လေပြင်းမုန်တိုင်း တိုက်ခိုက်မှုတွင် ပျက်စီးသွားသည့် မြန်မာစစ်ဘေးရှောင် နေအိမ်များ အသစ်ပြန်ဆောင်ရန်နှင့် ပြုပြင်ရန်အတွက် အရေးပေါ် အကူညီလိုအပ်နေကြောင်း သိရှိရသည်။

ပုံစာ- လေပြင်းမုန်တိုင်း တိုက်ခိုက်သောကြောင့် ပျက်စီးသွားသော ရှီမွေး မြန်မာစစ်ဘေးရှောင် နေအိမ်များကို တွေ့ရစဥ်။

#အိန္ဒိယ #မီဇိုရမ် #လေပြင်းမုန်တိုင်း #မြန်မာစစ်ဘေးရှောင်နေအိမ် #အရေးပေါ်အကူညီလိုအပ်
#Ayeyarwaddy_Times