
မြရာ/ဧရာ၀တီတိုင်းမ်
ဧပြီ ၁ ရက်
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီ၏ နောက်ဆုံး ဗျူဟာစခန်းဖြစ် သည့် စိန်လုံတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ယနေ့ ဧပြီ ၁ ရက်နေ့ နံနက် ၇ နာရီခန့်တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါတပ်စခန်းသည် စစ်ကောင်စီ၏ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် စကခ-၂၁ တပ်မမှူးကိုယ်တိုင် ထိုင်သည့် ဗျူဟာစခန်းဖြစ်ပြီး ဗန်းမော် -လွယ်ဂျယ်လမ်းတွင် တစ်ခုတည်းသာ ကျန်ရှိတော့သည့် စစ်ကောင်စီ၏ စစ်စခန်းတစ်ခုဖြစ်ကြောင်း သိရသည်။
ယနေ့ နံနက်ပိုင်းက စစ်ကောင်စီ၏ စိန်လုံဗျူဟာစခန်းကို KIA က သိမ်းပိုက်ခဲ့ရာတွင် စခန်းအတွင်းရှိ ဗျူဟာမှူးနှင့်ကျန်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့၀င်များ စခန်းစွန့်ခွာ ထွက်ပြေး သွားကြကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
“မတ် ၂၉ ရက်နေ့ကတည်းက ဒီဗျူဟာစခန်းကို ထိုးစစ်ဆင်နေတာ။ မနေ့ညကအထိ စစ်ကောင်စီဘက်က အတွဲလိုက်ဒုံးတွေရော၊ လေယာဉ်ပစ်ကူတွေပါ တောက်လျှောက် လာတယ်။ ကိုယ့်ဘက်ကလည်း အကျအဆုံးရှိတယ်” ဟု ကချင်စစ်ရေးသတင်းရင်း မြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ယနေ့ ဧပြီ ၁ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်ခန့်တွင် လွယ်ဂျယ်မြို့ကို စွန့်ခွာ ထွက်ပြေးသည့် တပ်မိသားစု၀င်များကို စစ်ကောင်စီက လေယာဉ်ဖြင့် ပြန်လည် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် အတွက် ငါး ဦးသေဆုံးပြီး အများ အပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
KIA က လွယ်ဂျယ်မြို့ကို ထိန်းချုပ်လိုက်ပြီးနောက် မြို့အတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ ၀န်ထမ်းများနှင့် တပ်မိသားစု၀င်များကို ဘေးလွတ်ရာသို့ထွက်ခွာရန် အချိန်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ထွက်ခွာနေသူများကို စစ်ကောင်စီက လေယာဉ် ဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ သည့်အတွက် ယာဉ်မောင်းနှင့် တပ်မိသားစု၀င်အများအပြား ထိခိုက်သေဆုံး ဒဏ်ရာ ရမှုများ ရှိခဲ့သည်ဟု သိရသည်။
အဆိုပါ စိန်လုံတပ်စခန်းအပြင် စစ်ကောင်စီ၏ ကာကင်း ရှစ် ခုကိုပါ KIA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီက ဂျက်ဖိုက်တာနှင့် Y-12 လေယာဉ်တို့ဖြင့် ဗုံးများကြဲချခဲ့ပြီး မိုးမောက်အခြေစိုက် ခလရ-၄၃၇ တပ်စခန်းမှလည်း လက်နက် ကြီးများဖြင့် ပစ်ကူပေးခဲ့သော်လည်း စိန်လုံတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
စခန်းသိမ်းရာတွင် ၁၂၂-မမ၊ ၁၀၅-မမ လက်နက်ကြီးများအပြင် ကျည်ဆံများကို ဂိုထောင် လိုက်သိမ်း ဆည်းရမိခဲ့ပြီး အခြားလက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်း အမြောက်အများကို သိမ်း ဆည်းရမိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
ပုံစာ- စစ်ကောင်စီက ထွက်ပြေးလာသည့် စစ်ကောင်စီတပ် မိသားစု၀င်များကို လေယာဉ်ဖြင့် ဗုံးကြဲ ခဲ့သည့်မြင်ကွင်း၊ စိန်လုံဗျူဟာကုန်း
#ကချင် #လွယ်ဂျယ် #စစ်ကောင်စီ #ဗျူဟာစစ်စခန်း #KIAသိမ်းပိုက် #Ayeyarwaddy_Times