ဧရာဝတီတိုင်းမ်
ဧပြီ ၁ ရက်

မြန်မာ – တရုတ်ကုန်သွယ်ရေးလမ်းပေါ်ရှိ စစ်ကောင်စီအခြေစိုက်စခန်း စိန်လုံတောင်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့က ယနေ့ ဧပြီး ၁ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ခဲ့၍ ဗန်းမော်မြို့မှ လွယ်ဂျယ်ကုန်သွယ် ရေးစခန်းသွားရာ လမ်းကြောင်း ယာယီလမ်းပိတ်ထားကြောင်း သိရသည်။

မိုးမောက်မြို့နယ်ရှိ စိန်လုံတောင်စစ်ကောင်စီဗျူဟာကုန်းကို ယနေ့ ဧပြီ ၁ ရက်နေ့တွင် ကချင်လွတ်လပ် ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတော်လှန်ရေးတပ်က အပြီးသတ်သိမ်းပိုက်ခဲ့ကြောင်း ဗန်းမော်မြို့ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးထံက သိရသည်။

“ကားသမား‌တွေစိတ်ညစ်နေတယ်။ ဗန်းမော်-လွယ်ဂျယ်လမ်းကြောင်း လောလောဆယ်ပိတ်နေလို့။ ဗန်းမော်ကနေ စိန်လုံတောင်ကျော်မရဘူး။ အဲဒီမှာ စစ်ကောင်စီတပ်စခန်းက စိန်လုံတောင်မှာ ပိုက်ဆံတွေမတရားတောင်းတယ်။ အခုလို့ အသိမ်းခံလိုက်ရတော့ ကောင်းတယ် ” ဟု ဗန်းမော်မြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ဗန်းမော် – မိုးမောက် – လွယ်ဂျယ်လမ်းကြောင်းသည် ၅၆ မိုင် ၄ ဖာလုံကွာဝေးပြီး ဗန်းမော်မှ မိုးမောက်ထိ ၉ မိုင်၊ ‌မိုးမောက်မှ ကျောက်စခန်းထိ ၂မိုင်၊ ကျောက်စခန်းမှ လော်တန် ၁၁ မိုင်၊ လော်တန်မှ စိန်လုံထိ ၁၀ မိုင်၊ စိန်လုံမှ ရောယုံထိ ၁၇ မိုင်၊ ရောယုံမှ လွယ်ဂျယ်ထိ ၇ မိုင် ၄ ဖာလုံ ရှိကြောင်း သိရသည်။

လွယ်ဂျယ်ကုန်သွယ် ရေးစခန်းမှတဆင့် တရုတ်သို့ မြန်မာပြည်ဘက်မှ အများဆုံးတင်ပို့သော ကုန်စာရင်းများတွင် ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ တစ်ရှူး၊ ငှက်ပျော၊ ဖရဲသီး၊ ရော်ဘာတို့ပါဝင်ပြီး တရုတ်ပြည်မှ အများဆုံးတင်သွင်းသော ကုန်များတွင် မြေဆီ၊ ဘိလပ်မြေ၊ ချည်ထည်၊ လယ်ယာသုံးပစ္စည်း၊ မော်တော် ဆိုင်ကယ်တို့ပါဝင်ကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံက သိရသည်။

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှနေ၍ တရုတ်နိုင်ငံသို့ မတ်လ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ ပို့ကုန်ပိုင်းတွင် ဆန် ၁၈၁.၀၀ တန်၊ ဆန်ကွဲ ၃၀၀.၂၅ တန်၊ ငရုတ်သီးခြောက် ၃၃၁.၆၃ တန်၊ သခွားမွှေး ၂၈၈.၀၀ တန်၊ ထောပတ်ပဲ ၂၂၅.၀၀ တန်၊ သီဟိုဠ်စေ့ ၃၁.၂၀ တန်၊ ပဲနီကြား ၆၆.၀၀ တန်၊ မြေထောက်ပဲ ၁၂၁၈.၅၀ တန်၊ ဖရဲသီး ၁၉၂၇.၅၀ တန်၊ ပဲလွန်းဖြူ ၆၅.၅၀ တန်၊ ကြံ ၃၀.၀၀ တန်၊ တစ်သျှူးငှက်ပျော ၅၄၅၆.၀၀ တန်၊ ပဲယင်း ၃၀၁.၂၅ တန်၊ ကော်ဖီစေ့ ၆၈.၀၀ တန်၊ ကျွဲသားခြောက် ၁၀.၅၀ တန်၊ ကော်ဖီမစ် ၇.၄၀ တန်၊ မြေပဲဆံ ၂၂၄.၀၀ တန်၊ ဖရုံသီး ၉၇.၀၀ တန်၊ ချဉ်ပေါင်ဖာလာ ၇၄.၈၀ တန်နှင့် ကြက်သွန်နီ ၁၄၁.၀၀ တန် တင်ပို့နိုင်ကြောင်း စစ်ကောင်စီ၏ ကုန်သွယ်ရေးဦးစီးဌာနထံက သိရသည်။

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှတဆင့် မြန်မာနိုင်ငံသို့ တရုတ်ပြည်မှ တင်သွင်း ကုန်ပိုင်းတွင် သံ၊ ဂျပ်ဖာ၊ တာယာ၊ ကုန်စုံ၊ စက္ကူ၊ ဖော့၊ ဆေး၊ ကော်စေ့၊ ကြက်အူချောင်း၊ မြက်ခင်းတုနှင့် ပလပ်စတစ်တို့ တင်သွင်းကြောင်း သိရသည်။

ဓာတ်ပုံ – စစ်ကောင်စီ၊ စီးပွားကူးသန်း
#မြန်မာတရုတ်ကုန်သွယ်ရေး #စိန်လုံတောင်စခန်း #KIAသိမ်းပိုက် #ဗန်းမော်မြို့ #လွယ်ဂျယ်ကုန်သွယ်ရေးစခန်း #ယာယီလမ်းပိတ် #Ayeyarwaddy_Times