
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဧပြီ ၁ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာ၊ ထားဝယ်နည်းပညာ တက္ကသိုလ်အနီးမှာ စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ မြေတင်ကား နှစ်စီးကို PDF ပူးပေါင်းတပ်က ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံးပြီး ကားပါ လမ်းဘေးသို့ထိုးကျတိမ်းမှောက်သွားကြောင်း ဗထူးတပ်မတော် (BA Htoo Army) တာဝန်ရှိသူထံက သိရသည်။
မောင်မယ်ရှောင်ကျေးရွာ ရေး -ထားဝယ် ကားလမ်းမပေါ် နည်းပညာ တက္ကသိုလ်အနီးတွင် ယမန်နေ့ မတ်လ ၃၁ ရက် နံနက် ၇နာရီ ၃၀ မိနစ်ခန့်က ရေဖြူဘက်မှ မြေတင်ကားနှစ်စီးဖြင့် ဆင်းလာသည့် အင်အား ၈၀ ဝန်းကျင်ခန့်ပါ စစ်ကောင်စီတပ်ကားကို PDF ပူးပေါင်းတပ်များက အသင့် စောင့်ကြို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့က သတင်း ကြိုရထား လို့အသင့်စောင့်ကြိုပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ မြေတင်ကား နှစ်စီးနဲ့လာတာ။ ဒုတိယ ကား ကိုပစ်ခတ်တိုက်ခိုက်ခဲ့တာ။ လက်နက်ငယ်တွေနဲ့ပဲ အဓိကပစ် ခတ်ခဲ့တာပါ။ မြေတင်ကားပေါ်မှာ ပါလာတဲ့ စစ်ကောင်စီတပ်သား အားလုံး ထိကြတာ။ တစ်ယောက် မှ ထမနိုင်တော့ဘူး။ သေနေကြတာ အပုံလိုက်ပဲ”ဟု ဗထူးတပ်မတော် (BA Htoo Army) ၏ ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုခံရခြင်းကြောင့် စစ်ကောင်စီတပ်ကား တစ်စီးသည် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် နေရာ၏ အရှေ့ဘက် မီတာ ၁၅၀ ခန့်တွင် လမ်းဘေးသို့ ထိုးကျတိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။
ထိုနောက် အရှေ့ကို ကျော်သွားတဲ့ မြေတင်ကား တစ်စီးတွင် လိုက်ပါလာသည့် စစ်ကောင်စီတပ်သားများသည် နောက်ကြောင်းပြန်လှည့်လာပြီး လက်နက်ကြီး၊ လက်နက်ငယ်များနှင့် တစ်နာရီနီးပါးခန့် ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း ဗထူးတပ်မတော် ထံကသိရသည်။
“အရှေ့ကို ကျော်သွားတဲ့ မြေတင်ကားက နောက်ကြောင်းပြန်လှည့်ပြီး ပစ်ကူပေးတာ။ အပစ်ခတ်ခံရတဲ့ ကားပေါ်က စစ်ကောင်စီတပ်သားတွေက သေတဲ့သူကသေ။ နာတဲ့သူ ကနာနဲ့ လှုပ်လို့မနိုင်တော့ဘူးလေ။ ကျွန်တော်တို့ ပစ်လိုက်တဲ့ ကားကအဲဒီနေရာမှာပဲ ရှိနေသေးတယ်။ အခုထိလာမယူသေးဘူးဟု ဗထူးတပ်မတော် ပြန်ကြားရေး တာဝန်ခံက ဆိုသည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၂၀ ဦးသေဆုံးပြီး ၂၀ ဦးခန့် အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်မှုကို KNLA တပ်မဟာ (၆) ၊ တပ်ရင်း ၂၇ နှင့် ဗထူးတပ်မတော် (BA Htoo Army) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
ဗထူးတပ်မတော်အနေဖြင့် စစ်ကောင်စီတပ်ကို စစ်ရေးအရှိန်မြှင့်၍ အမြစ်ပြတ် တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်သဖြင့် ပြည်သူလူထုအနေဖြင့် စစ်ရေးသတိရှိစွာဖြင့် သွားလာနေထိုင်ကြပါရန် မေတ္တာရပ်ခံထားသည်။
စစ်ကောင်စီလက်အောက်တွင် လက်ရှိအချိန်အထိ ဆက်လက်ပြီး တာဝန်ထမ်းဆောင် နေသော ပျုစောထီးများနှင့် စစ်ကောင်စီတပ်သားများ အနေဖြင့် ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံးခိုလှုံဝင်ရောက်ကြပါရန် တိုက်တွန်းထားသည်။
ဓာတ်ပုံ-ဗထူးတပ်မတော်
#ထားဝယ်မြို့အနီး #စစ်ကောင်စီတပ်ဖွဲ့ဝင်များ #မြေတင်ကား၂စီး #ပစ်ခတ်ခံရ #လမ်းဘေးထိုးကျတိမ်းမှောက် #စစ်ကောင်စီတပ်သား #၂၀ဦးသေဆုံး #Ayeyarwaddy_Times