ဧရာဝတီတိုင်းမ်
ဧပြီ ၁ ရက်

ဧရာ၀တီတိုင်းတွင် စစ်မှုထမ်းဥပဒေအရ ခေါ်ဆောင် ခံရသည့် လူငယ်များကို မတ်လ ၃၁ရက်နေ့ကစတင်ပြီး စစ်သင်တန်းကျောင်း နှနှစ်ကျောင်းတွင် သင်တန်းစတင်လက်ခံကြောင်း သိရသည်။

ပုသိမ်မြို့နယ် ၊ ရွှေမြင်တင်ကျေးရွာအုပ်စု ရှိအမှတ်(၆)စစ်အခြေခံ လေ့ကျင့်ရေးတပ် နှင့် အင်္ဂပူမြို့နယ် ကွင်းကောက်မြို့ ရှိ အမှတ်(၅)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းတို့တွင် နှစ်နေရာခွဲကာ စတင်သင်တန်းပေးနေကြောင့် စစ်ကောင်စီတပ်နှင့် နီးစပ်သူများထံမှ သိရသည်။

“စခတ(၆)မှာက ၃၀၀ကျော် တယ် တတက(၅)မှာက ၄၀၀ကျော် အကုန်ဆို၈၀၀ နီးပါး ရှိပါတယ်။ ဒီ အပတ်က သူတို့ကိုယ်တိုင် ဆန္ဒပြုလို့ ၀င်တဲ့သူတွေ ပါတယ်”ဟု စစ်ကောင်စီတပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ပုသိမ်မြို့အမှတ်(၆)စစ်အခြေခံ လေ့ကျင့်ရေးတပ်သို့ ရောက်ရှိလာသူအများစုမှာ ရန်ကုန်၊ ပဲခူး စသည့်ဒေသများမှ လူငယ်များဖြစ်ပြီး၊ ကွင်းကောက်မြို့ တကက(၅)တွင် ဧရာ၀တီတိုင်း ရှိမြို့နယ်၊ ကျေးရွာများမှ လူငယ်များ ဖြစ်ကြောင်းသိရသည်။

ဧရာ၀တီတိုင်းရှိ မြို့နယ်များမှ ပထမအသုတ် စစ်မှုထမ်းရန် စာရင်းပါသူစုစုပေါင်း တစ် ထောင်ကျော်ကို မတ်လ ၂၈ရက်နေ့က ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှုး များမှ တာ၀န်ယူပြီးဆေးစစ်ရန် ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ်သို့ နံနက် ၁၀ နာရီအရောက်ပို့ပေးရမည်ဟု ညွှန်ကြားသောကြောင့်ပို့ဆောင်ပေးခဲ့ရကြောင်း အုပ်ချုပ်ရေးအဖွဲ့ဝင်အချို့ထံမှ သိရသည်။

ပို့ဆောင်ပေးခဲ့သောလူငယ် တစ်ထောင်ကျော် မှာ ခြေ၊ လက်မသန်စွမ်းသူတစ်ချို့ပါ၀င်သော်လည်း ပြန်လွှတ်ပေးခြင်းမရှိပဲ သုံးဖွဲ့ ခွဲကာ စစ်ကောင်စီ ၏ စစ်သင်တန်းကျောင်း များကို ပို့ဆောင်ခြင်းကိုခံရပြီး စစ်သင်တန်းကို ရောက်ရှိပြီးမှ မိသားစုများနှင်ပြန်လည် ဆက်သွယ်ခွင့်ပေးကြောင်း သိရသည်။

#ဧရာ၀တီတိုင်း #စစ်သင်တန်းကျောင်း
#ပုသိမ်မြို့နယ် #ရွှေမြင်တင်ကျေးရွာ #အမှတ်၆စစ် #အခြေခံလေ့ကျင့်ရေးတပ် #အင်္ဂပူမြို့နယ် #ကွင်းကောက်မြို့ #အမှတ်၅တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း #Ayeyarwaddy_Times