
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဧပြီ ၁ ရက်
တနင်္သာရီတိုင်း ၊ ရေဖြူမြို့နယ် ၊ ကလိန်အောင်မြို့ ၊ ရေး – ထားဝယ် ကားလမ်းမပေါ် ယာဖူး ကျေးရွာ အုပ်စုအနီးရှိ ကျေးရွာများကို မတ်လ ၂၉ ရက်နေ့တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်၍ PDF တပ်ခွဲမှူး တစ်ဦးကျဆုံးခဲ့ကြောင်း ဒေါနစစ်ကြောင်းထံကသိရသည်။
တော်လှန်ရေးပူးပေါင်းတပ်များသည် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးကို နယ်မြေရှင်းလင်းရေးပြုလုပ်နေစဥ်အတွင်း မတ်လ ၂၉ ရက် မွန်းလွဲ ၂နာရီ၃၀ မိနစ်ခန့်က စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေါန စစ်ကြောင်း တပ်ခွဲ (၇) မှ တပ်ခွဲမှူး ရဲဘော် မိုးသီး ကျဆုံးခဲ့ရကြောင်း ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်သည် မြိတ်လေတပ်မှ တိုက်လေယာဥ် နှစ်စီး၊ ရဟတ်ယာဥ် တစ်စီးတို့ကို အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ယာဖူးရွာ၊ အလယ်စခန်းရွာ ၊ ကျွဲတလင်းရွာနှင့် လော့သိုင်းရွာများအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံက သိရသည်။
“တပ်ခွဲမှူး က ကျွန်တော်တို့ အရမ်းအားကိုးရတဲ့သူပါ။ သူက အရမ်းလည်း တော်တယ် လေ ။ ထင်တောင်မထားပါဘူး။ အခုလို ဖြစ်လိမ့်မယ်လို့။ ရဲဘော် မိုးသီးက ဗုံးစထိမှန်ပြီး ကျဆုံးသွားခဲ့တယ်”ဟု တိုက်ပွဲမှာပါဝင်ခဲ့သူ ဒေါနစ်ကြောင်း တပ်ခွဲ (၄)မှ ရဲဘော် တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းနယ်စပ်ရှိ ရေဖြူမြို့နယ်ရှိ မလွှဲတောင်စစ်ဆေးရေး ဂိတ်ကို မတ် ၂၉ ရက်နေ့ နံနက်ပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီသည် မလွှဲတောင် စစ်ဆေးရေးဂိတ် နှင့် ကလိန်အောင်မြို့အဝင် တံတားတို့ကို ပိတ်ချကာ လေကြောင်းအသုံးပြု တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီ၏ လေကြောင်းသုံး တိုက်ခိုက်မှုကြောင့် ကျွဲတလင်းရွာမှ ဝပ်ရှော့ဆိုင် တစ်ခုလုံး မီးလောင်ပြာကျခဲ့ပြီး ရာဖူးကျေးရွာရှိ သက်ကြီးပိုင်းအမျိုးသမီးတစ်ဦး ဗုံးစထိမှန် ဒဏ်ရာရသွားလို့ဆေးကုသမှုခံယူခဲ့ရကြောင်း ဒေသခံအချို့ထံကသိရသည်။
လက်ရှိအချိန်တွင် ကလိန်အောင်မြို့အနီးရှိ ကျေးရွာများမှ ဒေသခံအချို့ အိုးအိမ်စွန့်ခွာကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ကလိန်အောင်မြို့ ဒေသခံများက ဆိုသည်။
“ယာဖူး အနီးက ရွာအချို့မှာ အိမ်တွေပိတ်ထားတယ်။ စျေးဆိုင်တွေ အကုန်တံခါး ပိတ်ထားတယ်။လူအချို့ အိမ်မှာ မနေရဲကြတော့ဘူးရှင်။ ဘယ်အချိန်လေကြောင်းသုံးပြီး ပြန်လာပစ်မလဲ လို့စိုးရိမ်နေကြတယ်။ ဒါကြောင့် ဆွေမျိုးတွေရှတဲ့ နီးစပ်ရာမှာ ပြောင်းပြီးသွားနေနေကြရတယ်”ဟု မိုင် ၆၀ ကျေးရွာက ဒေသခံအမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များသည် ပြီးခဲ့သည် မတ်လ ၂၃ ရက်နေ့ကလည်း ရေဖြူမြို့နယ်၊ မင်းသားကျေးရွာရှိ စစ်ကောင်စီတပ်စခန်းနှင့် မလွှဲတောင်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တို့ကို တိုက်ခိုက်ခဲ့သည်။
မလွှဲတောင်ဂိတ်ကို မတ်လ ၃၀ ရက်နေမှစ၍ ပြန်လည်ဖွင့်လှစ်ထားသော်လည်း စစ်ရေးတင်းမာနေဆဲဖြစ်သဖြင့် ခရီး အသွားအလာနည်းပါးနေဆဲဖြစ်ကြောင်း ကားသမားများထံက သိရသည်။
ပုံစာ – မတ် ၂၉ ရက်နေ့က ရေး-ထားဝယ်လမ်းပိုင်းကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခံရစဥ်
#ကလိန်အောင် #ယားဖူးကျေးရွာအုပ်စု #လေကြောင်းမှဗုံးကြဲတိုက်ခိုက် #PDFတပ်ခွဲမှူးကျ #ဒေသခံများ #ဘေးလွတ်ရာတိမ်းရှောင် #Ayeyarwaddy_Times