
အယိုက်လင်း/ဧရာဝတီတိုင်းမ်
ဧပြီ ၁ ရက်
ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီက တစ်ရက်တည်း၌ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးသီးအပါဝင် ၁၀ ကြိမ်ထက်မနည်း လေကြောင်း တိုက်ခိုက်မှု ပြုလုပ်သွားကြောင့် ဒေသခံများထံက သိရသည်။
မင်းတပ်မြို့နယ် တိုက်နယ် အမှတ် (၂) ဘက်ရှိ ကျေးရွာတစ်ရွာကို ယနေ့ ဧပြီ ၁ ရက်နေ့ မနက် ၁ နာရီ ၂၀ မိနစ်တွင် နှစ်ကြိမ် နှင့် နေ့လည် ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် ရှစ်ကြိမ် စုစုပေါင်း ၁၀ ကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားပြီး အရပ်သား နေအိမ် နှစ်လုံး ထိခိုက်ပျက်စီးသွားသည်။
“ဒီမနက် အစောပိုင်းက ဗုံးသီး နှစ်လုံး ကြဲသွားတယ်။ မနက် ၁၀ နာရီဝန်းကျင်မှာ လေကြောင်းကနေ ကင်းပတ်ပြီး ၁၁ နာရီခွဲမှာ ဗုံးသီး ထပ်ဗုံးကြဲသွားပါတယ်။ ဗုံးကြဲသွားတဲ့နေရာက တစ်နေရာတည်းပါဘဲ။ အသံက အရမ်းကျယ်တယ်။ ရွာသားတွေက ဗုံးခိုကျင်း၊ ကတုတ်ကျင်းတို့မှာ အကာကွယ်ယူထားလို့ ထိခိုက်သေဆုံးမှုမရှိဘူး။ ရွာအစွန်ဘက်က နေအိမ် နှစ်လုံး ပျက်စီးသွားတယ်” ဟု မင်းတပ် တိုက်နယ် (၂) ရှိ ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ကျေးရွာသည် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိဘဲ စစ်ကောင်စီသည် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် လေကြောင်းမှ စက်သေနတ်များနှင့်ပါ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့တွင်လည်း မင်းတပ်မြို့နယ်နှင့် ယောနယ်အစပ်တွင် စစ်ကောင်စီ၏ ဂျက်ဖိုက်တာ တစ်စီးဖြင့် ဗုံးသီး လေးလုံး တိုက်ခိုက်ခဲ့သောကြောင့် မင်းတပ်မြို့နယ်ထဲက လူနေအိမ်အချို့ ထိခိုက်ပျက်စီးသွားသည်။
ပုံစာ- ယနေ့ ဧပြီလ ၁ ရက်နေ့ မင်းတပ်မြို့နယ်၊ တိုက်နယ် (၂) တွင် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွင်း မီးလောင်ဖျက်ဆီးသွားသည့် အရပ်သားနေအိမ်။
#ချင်းပြည် #မင်းတပ် #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက်မှု #အရပ်သားနေအိမ်မီးလောင် င် #
#Ayeyarwaddy_Times