
မြရာ/ဧရာ၀တီတိုင်းမ်
မတ် ၃၁ ရက်
စစ်မှုထမ်းရန်အတွက် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်နှင့် ရပ်ကွက်များအတွင်းမှ လူငယ်၊ လူရွယ်များကို စစ်ကောင်စီက အတင်းအဓမ္မ၀င်ရောက်ဖမ်းဆီးခဲ့သော်လည်း လူငယ် များသည် ကိုယ့်စိတ်ဆန္ဒဖြင့် စစ်မှုလာရောက်ထမ်းဆောင်သူများဖြစ်၍ အခမ်းအနားဖြင့် ကြိုဆိုလျက်ရှိကြောင်း ယမန်နေ့ မတ် ၃၀ ရက်နေ့တွင် စစ်ကောင်စီ ဝါဒဖြန့် မီဒီယာများတွင် ဖော်ပြခဲ့သည်။
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များမှ လူငယ်များသည် ပြည်သူ့စစ်မှုထမ်းသင်တန်း တက်ရောက်ရန် ၀င်ရောက်လာကြပြီဖြစ်ကြောင်းနှင့် ပြည်သူ့စစ်မှုထမ်းနိုင်ငံ့သား ကောင်းများကို လှိုက်လှဲစွာကြိုဆိုကြောင်း ရေးသားဖော်ပြခဲ့ကြခြင်းဖြစ်သည်။
စစ်ကောင်စီဝါဒဖြန့် မီဒီယာများက ယင်းသို့ဝါဒဖြန့်ဖော်ပြခဲ့သော်လည်း လက်တွေ့တွင် မူရန်ကုန် တိုင်းအတွင်းရှိ မြို့နယ်၊ ရပ်ကွက်များမှ လူငယ်၊ လူရွယ်များကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အင်အားသုံး၍ နေအိမ်အတွင်းမှ ခေါ်ယူ၍ တပ်သားစုဆောင်းများ ပြုလုပ်ခဲ့ခြင်းဖြစ် ကြောင်း ဒေသခံများထံက သိရသည်။
“မရမ်းကုန်းနဲ့ အင်းစိန်မြို့နယ်ဘက်မှာ စစ်မှုထမ်းဖို့ စာရင်းပါတဲ့သူတွေရော၊ မဲနှိုက်လို့ မဲပေါက်ထားတဲ့ သူတွေရော အချို့ဆို လမ်းမှာတွေ့လို့ တင်ခေါ်သွား တာတွေလည်း ရှိတယ်။ ဘယ်လိုက်လို့ လိုက်ရမှန်း လည်းမသိဘူး။ အင်းစိန်ဘက်ကဆိုလည်း အယောက် ၂၀ ကျော်လောက်ပါသွားတယ်” ဟု မရမ်းကုန်းမြို့နေထိုင်သူ အမျိုးသမီးက ဧရာ၀တီ တိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက အတင်းအကျပ်ပြုလုပ်နေသည့် စစ်မှုထမ်းသင်တန်းကို ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်ရှိ အမှတ်(၁) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းတွင် ပြီးခဲ့သည့် မတ် ၂၉ ရက်နေ့က အပတ်စဉ် (၁) အဖြစ် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ပထမအကြိမ်အဖြစ် စတင်ဖွင့်လှစ်သည့် စစ်သင် တန်းတွက် လူငယ်၊ လူရွယ်ရာနှင့် ချီ၍ရောက်ရှိနေ သည်ကိုတွေ့ရပြီး ၎င်းတို့မှာ မိမိတို့စိတ်ဆန္ဒအရစစ်မှု ထမ်းရန် ရောက်ရှိနေသူများဖြစ်ကြောင်း စစ်ကောင်စီ မီဒီယာများမှတစ်ဆင့် ဝါဒဖြန့်ဖော်ပြ ခဲ့ကြသည်။
စစ်ကောင်စီတပ်မိသားစု၀င်များနှင့် တပ်ထောက်ခံသူ များက အဆိုပါလူငယ်၊ လူရွယ်များကို ဘင် ခရာတီးဝိုင်းနှင့် သပြေပန်းများ၊ ပန်းကုံးများဖြင့် ကြိုဆိုနေကြသည့် တိုင်းဒေသအသီးသီးမှပုံများကို စစ်တပ်ထောက်ခံ လော်ဘီချန်နယ်များတွင် ဖော်ပြလျက်ရှိသည်။
စစ်ကောင်စီသည် အဆိုပါ စစ်မှုထမ်းဥပဒေလုပ်ငန်းစဉ်များကို သင်္ကြန်ကာလ အပြီးမှ စတင်အကောင် အထည်ဖော်မည်ဟု ပြောဆိုခဲ့သော်လည်း သတ်မှတ်ထား သည်ထက်စော၍ လုပ်ဆောင်နေခြင်းဖြစ်သည်ကို တွေ့ရသည်။
စစ်မှုထမ်းဆောင်ရန်အတွက် မြို့နယ်များရှိ လူငယ်၊ လူရွယ်များကို စာရင်းကောက် ယူထားပြီးနောက် ၎င်းတို့ကို ဆေးစစ်ရမည်ဟုဆိုကာ ခေါ်ယူထားပြီး မတ် ၂၉ ရက်နေ့တွင် လေ့ကျင့်ရေးသင်တန်းကျောင်းသို့ ပို့ဆောင်ခဲ့ခြင်းကြောင့် မိသားစု၀င်များအနေဖြင့် ဓာတ်ပုံများ ဖော်ပြမှသာလျှင် သိရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဓာတ်ပုံတွေထဲမှာပါလာမှ သိရတယ်။ ဆေးစစ်ရမယ် ဆိုပြီး လာခေါ်လို့ပါသွားတာ ၃၊ ၄ ရက်လောက်ရှိပြီ။ အဲကတည်းက အိမ်ပြန်မပို့တာ။ အခုသင်တန်းကျောင်းမှာ လူငယ်တွေ ရောက်နေပြီဆိုပြီး ပုံတွေ ဗီဒီယိုဖိုင်တွေ ထွက်လာမှ အပြီးခေါ်သွားတယ်ဆိုတာ သိရတာ” ဟု အင်းစိန်မြို့နယ်တွင် နေထိုင်သူ မိဘတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီ၏ပြန်ကြားရေးတာ၀န်ခံ ဗိုလ်ချုပ်ဇော်မင်း ထွန်းကလည်း ပြည်သူ့စစ်မှု ထမ်းသင်တန်း တက်ရောက်ရန် ပထမဆုံးခေါ်ယူသည့် အပတ်စဉ်တွင် မိမိသဘော ဆန္ဒဖြင့် ၀င်ရောက်လိုသူများသာ ပါ၀င်မည်ဖြစ်သည်ဟု (၇၉) နှစ်မြောက်တပ်မတော်နေ့ (ဖက်ဆစ်တော်လှန်ရေးနေ့) အခမ်းအနား တက်ရောက်လာချိန်တွင် ပြောကြာခဲ့သည်။
“ပထမဦးဆုံးအသုတ် ဖွင့်တဲ့နေရာမှာ သူတို့ကိုယ်တိုင် ဆန္ဒပြုတဲ့သူတွေပဲ တက်လိမ့်မယ်။ လူဦးရေဘယ် လောက်ရှိလဲ၊ ဘယ်လောက်တက်ကြွလဲဆိုတာ ကျွန်တော်လက်တွေ့ပြ မယ်”ဟု ပြောဆိုခဲ့ခြင်းဖြစ် သည်။
ထို့အပြင် သင်တန်းအပတ်စဉ် (၁)တွင်တက်ရောက် ရန် လာရောက်ဆန္ဒပြုသူများကို စတင်ခေါ်ယူနေပြီဟုလည်း စစ်တပ်ပိုင်သတင်းစာမှ မတ် ၃၀ ရက်နေ့တွင် ဖော်ပြထားပြီး နေပြည်တော်ရှိ မြို့နယ် ရှစ် မြို့နယ်မှ ရပ်ကွက်၊ ကျေးရွာရှိ ပြည်သူ့စစ်မှု ထမ်းရန်အကျုံး၀င်သူများသည် မတ် ၂၉ နေ့က စစ်မှုထမ်းဆောင်ရန်အတွက် ဖောင်များ ဖြည့်သွင်းခဲ့ကြကြောင်း ဖော်ပြထားသည်။
ယင်း ရှစ် မြို့နယ်မှ စစ်မှုထမ်းရန်အတွက် စာရင်းပေးသွင်းသူ စုစုပေါင်း ၁၈၄ ဦးရှိကြောင်း သိရပြီး မကွေး တိုင်း၊ မင်းဘူးခရိုင်အတွင်းမှ မြို့နယ် ငါး မြို့နယ်မှ လည်း စစ်မှုထမ်းဆောင်ရန်အတွက် သင်တန်းတက် ရောက်မည့်သူ ၉၅ ဦးရှိကာ တောင်တွင်း ကြီးမြို့ရှိ စစ်အခြေခံလေ့ကျင့်ရေးသင် တန်းကျောင်းသို့ မတ် ၂၉ ရက်နေ့က ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်းဆောင်ရန် လာရောက်ဆန္ဒ ပြုကြသူများထဲတွင် ရန်ကုန်တိုင်းမှ အများဆုံးဖြစ် ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထား သည်။
စစ်ကောင်စီက လူငယ်၊ လူရွယ်များကို ယင်းသို့အတင်းအဓမ္မခေါ်ဆောင်၍ တပ်သား သစ်စုဆောင်းထားသူများကို စစ်မှုထမ်းဆောင်ရန် မိမိတို့စိတ်ဆန္ဒဖြင့် လာရောက်ဆန္ဒပြုသူများဟု တွင်တွင်ကျယ်ကျယ်ရေးသားဖာ်ပြကာ လိမ်လည်ဝါဒဖြန့် နေသည် ကို တွေ့ရသည်။
စစ်ကောင်စီတပ်ကအတည်ပြုထားသည့် ယင်းဥပဒေအရ အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရမည်ဖြစ်ပြီး ငြင်းဆိုပါက ထောင်ဒဏ် ၅ နှစ်ထိ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားပြီး ယင်းသို့ပြဋ္ဌာန်းထားသည့် စစ်မှုထမ်း ဥပေဒသည် တရား၀င်မှု မရှိသည့်အတွက် လိုက်နာရန် မလိုအပ်ကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က ထုတ်ပြန်ထားသည်။
ပုံစာ – စစ်မှုထမ်းဥပဒေအရ စစ်သင်တန်းတက်ရောက်ရန်အတွက် တပ်သားသစ်စု ဆောင်းခံထားရသူများ
#စစ်မှုထမ်း #စစ်သင်တန်း #အပတ်စဉ် ၁ #စစ် ကောင်စီဖွင့် #မိမိဆန္ဒဖြင့် #လာရောက်ခြင်းဖြစ် #ဝါဒဖြန့် #Ayeyarwaddy_Times