
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ မတ် ၃၁ ရက်
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာရှိ ပျူစောထီးစခန်းနှင့် ဘုရားတောင်ပေါ်ရှိ စစ်ကောင်စီတပ်စခန်းတို့ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း နွေဦးပြောက်ကျားတပ်ဖွဲ့ (Nway Oo Guerrilla Force) ထံက သိရသည်။
လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာတွင်ရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့်ပျူစောထီးတို့ တပ်စွဲနေထိုင်ရာ စီမံကိန်းဟောင်းကို မတ်လ ၂၆ ရက် ည ၈ နာရီ ၃၀ မိနစ်က ဒရုန်းဖြင့် ဗုံးကြဲ
တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ထို့ပြင် မတ်လ ၂၉ ရက် ည ၇ နာရီ ၁၈ မိနစ်တွင် လည်း စစ်ကောင်စီတပ်သားများခိုလှုံရာ ဘုရားတောင်ပေါ်သို့သို့ တစ်ကြိမ် ထပ်မံ၍ ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း နွေဦးပြောက်ကျားတပ်ဖွဲ့က ဆိုသည်။
“ နှစ်ကြိမ် ကို ဗုံးသီးလေးလုံး ချတိုက်ခိုက်ခဲ့တယ်။ တစ်ကြိမ် ကို နှစ်လုံးပေါ့နော်။ ကြဲချတဲ့ ဗုံးသီးဆိုဒ် က ၆၀ ဆိုဒ် ပါ။ ကျွန်တော်တို့ လိုချင်တဲ့ ပစ်မှတ်ကို ထိထိမိမိ ချနိုင်ခဲ့တယ်။ အဲ့ဒီအတွက်လည်းကျေနပ်အားရခဲ့ပါတယ်”ဟု နွေဦးပြောက်ကျားတပ်ဖွဲ့ (Nway Oo Guerrilla Force) မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲဝင်များ ထိခိုက်သေဆုံးမှုများ ရှိသော်လည်း အတိအကျကိုမူ သိရှိနိုင်ခြင်းမရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို နွေဦးပြောက်ကျား Drone တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖက်မှ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများ အချိန်မရွေးလုပ်ဆောင်လာနိုင်သောကြောင့် ပြည်သူများ အနေဖြင့် လုံခြုံရေး အထူးဂရုစိုက်နေထိုင်ပေးကြပါရန် မေတ္တာရပ်ခံထားသည်။
ဓာတ်ပုံ-နွေဦးပြောက်ကျားတပ်ဖွဲ့
#လောင်းလုံးမြို့နယ် #ကျောက်နီမော်ရွာ #ပျူစောထီးစခန်း #ဘုရားတောင်ပေါ် #စစ်ကောင်စီတပ်စခန်း #ဒရုန်းဖြင့်ဗုံးကြဲ #Ayeyarwaddy_Times