ဧရာဝတီတိုင်းမ်
မတ် ၃၁ ရက်

တာဝန်ပြီးဆုံးကာ ပြန်လည်ထွက်ခွာမည့် စစ်ကောင်စီခန့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ် မစ္စတာ ဗီနေးကူးမား သည် မတ် ၂၉ ရက်နေ့က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ကျန်းမာရေးထောက်ပံ့ပစ္စည်းများ ကို စစ်တပ်ထံပေးအပ်ကြောင်း သိရသည်။

ထို့ပြင် အိန္ဒိယနိုင်ငံ သံအမတ်သည် မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်ရေး၊ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများနှင့် ပတ်သက်၍လည်း စစ်အုပ်စုနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများတွင် ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများ၊ နှစ်နိုင်ငံစစ်တပ် နှစ်ရပ်အကြား လုံခြုံရေးနှင့် ကာကွယ်ရေး ဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းနောက် အိန္ဒိယသမ္မတနိုင်ငံ သံအမတ် မစ္စတာ ဗီနေးကူးမားသည် ဘက်စုံကျန်းမာရေးသုံးပစ္စည်း Aarogya Maitri Cubes နှစ်စုံကို နေပြည်တော်ရှိ တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀) ထံလှူဒါန်းခဲ့ကြောင်းသိရသည်။

Aarogya Maitri Cubes သည် အိန္ဒိယနိုင်ငံထုတ်ပစ္စည်းများဖြစ်ပြီး သဘာဝ ဘေးအန္တရာယ်ဖြစ်ပေါ်ရာတွင် အရေးပေါ်အသုံးပြုရန်အတွက် လိုအပ်သောဆေး ပစ္စည်း များ ပါဝင်ကြောင်းသိရသည်။

အဆိုပါ Aarogya Maitri Cubes တစ်စုံတွင် ပုံးငယ် ၇၂ ပုံး ပါဝင်ပြီး ခွဲစိတ်ခန်းငယ်တစ်ခု၊ အထူးကြပ်မတ်ကုသခန်းငယ်တစ်ခု၊ ပြင်ပလူနာဌာနတစ်ခု၊ ဓာတ်ခွဲခန်းငယ်တစ်ခု၊ ဓာတ်မှန်ဆိုင်ရာ စက်ပစ္စည်းများ၊ ခွဲစိတ်ခန်းသုံးကိရိယာများ၊ ရောဂါရှာဖွေသည့် Test Kit များ၊ ထမ်းစင်များ၊ မီးစက်များ စသည့်တို့ အပြည့်အစုံပါဝင်ကြောင်းသိရသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ အလှည့်ကျအဖွဲ့ဝင်အဖြစ်ရှိနေသော အိန္ဒိယနိုင်ငံသည် စစ်ပစ္စည်းများ ရောင်းချပြီး စစ်အုပ်စု၏ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ် အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများတွင် ကြံရာပါပတ်သက်နေကြောင်း Justice For Myanmar ထုတ်ပြန်သည်။

အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိလုပ်ငန်း PSUs ၁၀ ခုသည် စစ်ကောင်စီထံ စစ်ဘက်သုံးပစ္စည်း၊ နည်းပညာနှင့် လောင်စာဆီများရောင်းချကာ စီးပွားရေးလုပ်ဆောင် နေကြောင်း Justice For Myanmar ထံက သိရသည်။

ဓာတ်ပုံ – MOI
#အိန္ဒိယ #မြန်မာ #ဆက်ဆံရေး #ကျန်းမာရေးပစ္စည်းများ #စစ်တပ်ထံလှူဒါန်း #Ayeyarwaddy_Times