
အယိုက်လင်း/ဧရာဝတီတိုင်းမ်
မတ် ၃၁ ရက်
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိဒ်ခေါဒါရ်မြို့တွင် မီဇိုရမ်ဘက်သို့ ပို့ဆောင်မည့် ကျပ်သိန်း သုံးထောင် တန်ဖိုးရှိ မူးယစ်ဆေးဝါများကို ဖမ်းဆီးရမိခဲ့ကြောင်း မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့(ရိဒ်ခေါဒါရ်)ထံက သိရသည်။
ရိဒ်ခေါဒါရ်မြို့ အမှတ် ၁ ရပ်ကွက် နှင့် အမှတ် ၂ ရပ်ကွက်တွင် စစ်ဘေးရှောင်ရင်း နေထိုင်သည့် အသက် ၅၁ နှစ်အရွယ် ဒေါ်ဇုန်တီလ် နှင့် အသက် ၄၄ နှစ်အရွယ် ဒေါ်လာလ်ရမ်းတို့ထံမှ မူးယစ်ဆေးဝါး ၂၂၈ ဗူးနှင့်အတူ မူးယစ်ဆေးဝါးရောင်းချရာတွင် အသုံးပြုသည့် အိန္ဒိယငွေ လေးသိန်းကျော်နှင့် စမတ်ဖုန်း ခြောက် လုံးတို့ကို မတ်လ ၂၉ ရက်၊ ညနေ ၁၀ နာရီဝန်းကျင်ခန့်တွင် ဟွားလ်ငိုဒေသ ပြည်သူ့ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
“ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး ကာလတန်ဖိုး မြန်မာကျပ်ငွေ သိန်းသုံးထောင်ခန့်ရှိတယ်။ ကျွန်တော်တို့ ဖမ်းဆီးရမိတဲ့ တရားခံတွေကို ပြည်သူ့တရားရေးအဖွဲ့က ဥပဒေအတိုင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ တရားစီရင်ရေးပြီးသွားတဲ့ခါ သိမ်းဆည်းရရှိခဲ့တဲ့ မူးယစ်ဆေးဝါးတွေကို ပြည်သူတွေရှေ့မှာ မီးရှို့ဖျက်ဆီးသွားပါမယ်။ ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့ကလည်း ဖမ်းဆီးရရှိတဲ့ မူးယစ်ဆေးတွေကို ပြည်သူတွေ ရှေ့မှာ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။”ဟု မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ရိဒ်ခေါဒါရ်)တာဝန်ခံ ပီတာက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့် ပတ်သက်ပြီး ကွင်းဆက်စစ်ဆေးချက်များအရ ကလေးမြို့ တာဟန်းရပ်ကွက်မှ ကားဖြင့်သယ်ဆောင်ပေးခဲ့သူ အသက် ၃၆ နှစ်အရွယ် ဦးအာဂပေထန်း၊ ရိဒ်ခေါဒါရ်မြို့ အမှတ် ၂ ရပ်ကွက်တွင် နေထိုင်သူ အသက် ၃၁ နှစ်အရွယ် ဦးငွန်ခွာလ် နှင့် အသက် ၂၅ နှစ်အရွယ် ဦးလာလ်းဆိုင်လိုတို့ကို ဆက်လက်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
“မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး မီဇိုရမ်ဘက်နဲ့ မြန်မာနယ်စပ်တွေမှာ မကြာခဏ ဖမ်းဆီးရမိတာရှိတယ်။ အဲ့ဒီ မူးယစ်ဆေးဝါး ရောင်းချသူတွေဟာ ယခင် နိုင်ငံရေးကောင်းကတည်းက ရောင်းချဖြန့်ဖြူး လာကြတဲ့သူတွေဖြစ်ပြီး စစ်ဘေးရှောင်တွေနဲ့ လုံးဝ ပတ်သက်ဆက်နွယ်မူမရှိဘူး။ သူတို့တွေကြောင့် မီဇိုရမ်ဘက် ရောက်နေကြတဲ့ ချင်းစစ်ဘေးရှောင်တွေကို အထင်မြင်လွဲကြတာတွေရှိတယ်။ အရင်က စစ်ဘေးရှောင်တွေကိုဟင်းသီး ဟင်းရွက်၊ တစ်ခြားစားစရာတွေ လှူဒါန်းပေးကြတယ်။ အခု လှူဒါန်းပေးမယ့်လူတွေမရှိသလောက်ဖြစ်သွားပြီ” ဟု ပီတာက ဆက်လက်ပြောကြားသည်။
ရိဒ်ခေါဒါရ်မြို့တွင် ပြည်သူ့အုပ်ချုပ်ရေးယန္တရား၊ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ အကောင်ထည်ဆောင်ရွက်လျှက်ရှိပြီး မူးယစ်ဆေးတိုက်ဖျက်ရေးလုပ်ငန်းများလည်း အရှိန်အဟုန်တိုးမြင့်၍ ဆောင်ရွက်လျက်ရှိသည့်အတွက် ပြည်သူများအနေဖြင့်လည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ပေးကြရန် တိုက်တွန်းထားသည်။
ပုံစာ- ရိဒ်ခေါရ်မြို့တွင် ဖမ်းဆီးရမိသည့် မူးဟစ်ဆေးဝါးများကို တွေ့ရစဥ်။
#ဖလမ်းမြို့နယ် #ရိဒ်ခေါဒါရ်မြို့ #မီဇိုရမ် #မူးယစ်ဆေးဝါ #ဖမ်းဆီးရမိ #Ayeyarwaddy_Times