
မြရာ/ဧရာ၀တီတိုင်းမ်
မတ် ၃၁ ရက်
ကချင်ပြည်နယ် ရှေ့တန်းတွင် တပ်ထိုင်နေသည့် တပ်မ (၈၈) မှ တပ်မမှူး ဗိုလ်မှူးချုပ် မင်းထွဋ်ဦးသည် ပြီးခဲ့သည့် မတ် ၂၉ ရက်နေ့က တိုက်ပွဲအတွင်း သေဆုံးသွားကြောင်း သိရသည်။
တပ်မ (၈၈) တပ်မမှူးဖြစ်သူ ဗိုလ်မှူးချုပ်မင်းထွဋ်ဦးသည် ခါရာဘွမ်မှ ဘွမ်ရယ်ဘွမ် စခန်းသို့ ဆုတ်ခွာပြီး ဘွမ်ရယ်ဘွမ်မှတစ် ဆင့် ဗန်းမော်-မြစ်ကြီးနားလမ်းအတိုင်း တပ်ဆုတ်ခွာ လာစဉ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် တွေ့ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
“ဘွမ်ရယ်ဘွမ် စခန်းကနေ တောင်ဘက်မိုးလဲချောင်းကို ဗန်းမော်-မြစ်ကြီးနားလမ်း အတိုင်း ဆုတ်လာရာမှာ တာပိန်မြစ်အရှေ့ကမ်းက မန်နောင်ရွာနားမှာ KIA က စောင့်ပြီး တိုက်လိုက်တာ”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါတပ်မ (၈၈) တပ်မမှူးသေဆုံးမှုသည် KIA ၏ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီဘက်မှ အဆင့်မြင့်ဆုံးအရာရှိ သေဆုံးမှုလည်းဖြစ်ကြောင်း သိရသည်။
တပ်မ ၈၈ သည် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက် အောက်ခံတပ်ဖြစ်ပြီး လက်ရှိတွင် ကချင်ပြည်နယ် ဗန်းမော်၊ မိုးမောက်တစ်ခွင်တွင် ရှေ့တန်းစစ်ဆင်ရေး တာ၀န် ထမ်းဆောင်နေသည့်အထဲတွင် အကြီးဆုံးဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
ပြီးခဲ့သည့် မတ် ၇ ရက်နေ့ကစတင်ခဲ့သည့် KIA နှင့် တော်လှန်ရေးပူးပေါင်းတပ်များ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုတွင် စစ်ကောင်စီ၏ တပ်စခန်းပေါင်း ၆၀ အထိ သိမ်းပိုက်ရရှိထား ပြီဖြစ်ကြောင်း သိရသည်။
သိမ်းပိုက်ရရှိထားသည့် တပ်စခန်းပေါင်း ၆၀ အနက်မှ တာမခန်တပ်စခန်း ခမရ-၁၁၉ မှ ဒုဗိုလ်မှူး ကြီးသက်ပိုင်ထွန်းလည်း တိုက်ပွဲတွင် သေဆုံးခဲ့ကြောင်း သိရသည်။
မြန်မာ-တရုတ် နယ်စပ်ဖြစ်သည့် လွယ်ဂျယ်မြို့ကို KIA က လက်ရှိတွင် ထိန်းချုပ်ထားပြီး လွယ်ဂျယ်မြို့နယ်အတွင်းတွင် စိန်လုံကဘာ ဗျူဟာကုန်းတစ်ခု သာကျန်ရှိနေပြီး ယင်းစခန်းကိုလည်း KIA က ဆက် လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။
စိန်လုံကဘာဗျူဟာကုန်းအနီးရှိ ကာကင်းစခန်းများမှ စစ်ကောင်စီတပ်ဖွဲ့များသည် မတ် ၂၉ ရက်နေ့က ၎င်းတို့ စခန်းကုန်းများကိုစွန့်ခွာပြီး နယ်စပ်ဖြတ်ကျော်ကာ တရုတ်ဘက်သို့ ၀င်ပြေးရန်ကြိုးပမ်းခဲ့ကြောင်း သိရ သည်။
အဆိုပါ လွယ်ဂျယ်မြို့ရှိစစ်စခန်းများကို KIA အနေဖြင့် ဆက်လက်မတိုက်ခိုက်ရန် တရုတ်အစိုးရက ဖိအားပေးမှုများရှိနေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
ပုံစာ- တပ်မ ၈၈ တပ်မမှူး ဗိုလ်မှူးချုပ် မင်းထွဋ်ဦး
#ကချင် #ဗန်းမော် #တိုက်ပွဲ #စစ်ကောင်စီ #တပ်မ၈၈တပ်မမှူး #ဗိုလ်မှူးချုပ်မင်းထွဋ်ဦး #သေဆုံး #Ayeyarwaddy_Times