နွေဦးမောင် /ဧရာဝတီတိုင်းမ်
မတ် ၃၀ ရက်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီစစ် ကြောင်းသည် ယမန်နေ့ မတ် ၂၉ ရက်နေ့က ကျော်စရစ်ကုန်း ကျေးရွာသားတစ်ဦး နှင့် ကြိုးကြာကန်ကျေးရွာသားတစ်ဦးတို့ကို ဖမ်းဆီး၍ သေနတ်ဖြင့် ပစ်သတ်သွားကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ စစ်ကောင်စီတပ်သည် မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ယမန်နေ့ နံနက် ၆ နာရီခန့်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျောက်စရစ်ကုန်းရွာရှိ ဦးပွ အသက် (၇၂) နှစ် နှင့် ကြိုးကြာကန်ကျေးရွာရှိ ဦးစိုးတင့် အသက် (၅၃) နှစ်တို့ကို သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျောက်စရစ်ကုန်းကျေးရွာ၊ မော်နီကုန်းကျေးရွာနဲ့ ကြိုးကြာကန်ကျေးရွာတွေကို စစ်ကြောင်းထိုးလာတာ။ သူတို့မေးတာကို မသိရမလားဆိုပြီး ဒေသခံနှစ်ဦးကို ဖမ်းဆီးပြီး သေနတ်နဲ့ပစ်သတ်သွားတာ” ဟု ကျောက်စရစ်ကုန်းကျေးရွာနေ ဦးသန်းဦး (အမည်လွှဲ)က ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် ကျေးရွာများသို့ စစ်ကြောင်းထိုးလှည့်လည်နေစဥ် ဆိုင်ကယ်များ ၊ အိမ်များကိုပါ မီးတင်ရှို့၍ ဒေသခံများကို ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး အချို့ကို ညတွင်းချင်းပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

“ရွာထဲက ဆိုင်ကယ်တွေ ၊ အိမ်တွေကို အရင်မီးရှို့တယ်၊။ ပြီးတော့ တစ်ယောက်မှ မမြင်ချင်ဘူးဆိုလို့ ကျေးရွာ သုံးရွာ လုံးကသူတွေ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်” ဟု ကျောက်စရစ်ကုန်းကျေးရွာနေ ဒေသခံက ဆိုသည်။

ဓာတ်ပုံ-ပေးပို့
ပုံစာ-စစ်ကောင်စီတပ်က ပစ်သတ်ခဲ့သည့် ဒေသခံ၂ဦး

#မတ္တရာမြို့ #စစ်ကောင်စီတပ် #စစ်ကြောင်းထိုး #ဒေသခံ၂ဦး #သေနတ်နှင့်ပစ်သတ် #Ayeyarwaddy_Times