
ဧရာဝတီတိုင်းမ်
(သာယာဝတီ)၊ မတ် ၃၀ ရက်
ပဲခူးတိုင်း၊ သာယာဝတီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်မြင့်ကို စစ်ကောင်စီက ပြီးခဲ့သည့် မတ်လ ၂၆ ရက်နေ့က ခြေချုပ်ဖြင့် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်ကို ပြန်လည်လွှတ်ပေးခဲ့သော်လည်း သုံး နှစ်အတွင်း သာယာဝတီမြို့နယ် ပြင်ပသို့ထွက်ခွာခွင့် ပိတ်ပင်ထားပြီး နှစ်လတစ်ခါ စစ်ကောင်စီလက်အောက်ခံ အာဏာပိုင်အဖွဲ့အစည်းထံ လက်မှတ်ထိုးကာ နေထိုင်ရမည်ဖြစ်ကြောင်းသိရသည်။
“ကိုအောင်မြင့်ကို လွတ်ငြိမ်းနဲ့အပြင်ထုတ်ပြီး ဆက်ချုပ်လိုက်တာက ခြေချုပ်ဥပဒေ၅(၁)(စ)(ဆ)နဲ့ဆက်လက်ချုပ်နှောင်တာ။ အခုလည်း အကျယ်ချုပ်သဘော။ ခရီးတွေမသွားစေချင်တာ၊ လှုပ်ရှားမှုတွေမလုပ်စေချင်တာပေါ့” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် သာယာဝတီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်ကို လွတ်ရက်စေ့ရန် တစ်ရက်အလိုတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးခဲ့ပြီး နောက် ခြေချုပ်ပုဒ်မ ၅(၁)(စ)(ဆ) အရ နေ့ချင်းပြန်လည်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ သာယာဝတီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် ထောင်ဒဏ်နှစ်နှစ် ချမှတ်ခံခဲ့ရပြီး လွတ်ရက်စေ့သည့်နေ့တွင်ပင် ပုဒ်မ ၅၀၅(က) ဖြင့် ထပ်မံ တရားစွဲဆိုခြင်းခံရကာ ထောင်ဒဏ် တစ်နှစ်ချမှတ်ခံခဲ့ရပြီးနောက် ယခုကဲ့သို့ ခြေချုပ်ပုဒ်မ ၅(၁)(စ)(ဆ) ဖြင့် ထပ်မံ ထိန်းသိမ်းခံရခြင်းဖြစ်သည်။
ပုံစာ – သာယာဝတီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်
#သာယာဝတီ #ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် #ဦးအောင်မြင့် #ခြေချုပ်ပုဒ်မ #Ayeyarwaddy_Times