နွေဦးမောင် /ဧရာဝတီတိုင်းမ်
မတ် ၃၀ ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့ပေါ်ရှိ ရပ်ကွက်များတွင် ရပ်ကွက် တစ်ခုလျှင် လူငယ် နှစ်ဦး နှုန်းဖြင့် စစ်မှုထမ်းရန် ခေါ်ဆောင်ထားပြီး စစ်ကောင်စီတပ်က သင်တန်းကျောင်းပို့ရန် လာခေါ်စဥ် လူငယ် တစ်ဦး ထွက်ပြေးသွားကြောင်း ဒေသခံများထံက သိရသည်။

လူငယ်များ စစ်ကောင်စီတပ်တွင် စစ်မှုထမ်းရန်အတွက် ရပ်ကွက်တစ်ခုလျှင် လေးလ တစ်ကြိမ် မဲနှိုက်၍ လူရွေးချယ်ခြင်းများ ပြုလုပ်ရာတွင် နွမ်းပါးသည့် မိသားစုများမှ လူငယ်များကို ငွေကြေးပေးကာ စုဆောင်ခြင်းများရှိကြောင်း သိရသည်။

ထိုသို့ ငွေကြေးပေး၍ စုဆောင်းထားသူများအနက် မအူပင်မြို့ အမှတ် (၁၀) ရပ်ကွက်တွင် ငွေကြေးပေးမည်ဟု ဆိုကာ စုဆောင်းထားသည့် လူငယ်နှစ်ဦးအနက် တစ်ဦးသည် သင်တန်းကျောင်းသို့ ပို့ရန် လာခေါ်စဥ် ထွက်ပြေးသွားကြောင်း သိရသည်။

“စစ်တပ်က သူတို့လူစုဆောင်းထားတဲ့နေရာကို ပို့ဖို့ လာခေါ်တဲ့အချိန်မှာ တစ်ယောက်က ထွက်ပြေးသွားတာ။ အဲ့ဒီ ကလေးနှစ် ယောက်ကိုလည်း ငွေပေးမယ်ဆိုပြီး စုထားတာ။ တကယ်စစ်တပ်ကလာခေါ်တော့ တစ်ယောက်ကို ငွေတစ်သိန်း ပဲပေးပြီး စစ်တပ်ထဲ ထည့်လို့ တစ်ယောက်ကထွက်ပြေးသွားတာ” ဟု မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

စစ်ကောင်စီတပ်တွင် စစ်မှုထမ်းလိုခြင်း မရှိသည့် အသက် ၁၈ နှစ်အတွင်းမှ အသက် ၃၅ နှစ်အတွင်းရှိ လူငယ်များသည် စစ်မှုထမ်းဆောင်မည့် လူငယ်များအား ပေးရန်အတွက်ဟုဆိုကာ ငွေကျပ် ၅၀၀၀၀ စီ ပေးရကြောင်း သိရသည်။

“စစ်တပ်က ကျန်ခဲ့တဲ့ ကလေးတစ်ယောက်ကိုတော့ ခေါ်သွားတယ်။ မခေါ်သွားခင်မှာ ဆေး တစ်လုံးထိုးသွားတာ တွေ့တယ်။ ဘာဆေးထိုးသွားလည်းတော့ မသိဘူး။ ထွက်ပြေး သွားတဲ့ ကလေးကိုတော့ မမိမိအောင် ဖမ်းပေးပို့မှာသွားတယ်” ဟု အဆိုပါ မျက်မြင်တွေ့ ရှိသူက ထပ်မံ ပြောကြားသည်။

မအူပင်မြို့ပေါ်တွင် ရပ်ကွက် စုစုပေါင်း ၁၂ ခုရှိပြီး ကျေးရွာအုပ်စု ၈၈ အုပ်စုရှိကာ ကျေးရွာအုပ်ချုပ်ရေးမှူးများသည် စစ်ကောင်စီတပ်တွင် စစ်မှုထမ်းရန်အတွက် ကျေးရွာတစ်ရွာ၊ ရပ်ကွက်တစ်ခုလျှင် လေးလ တစ်ကြိမ် လူငယ် နှစ် ဦးစီ ရှာပေးရကြောင်း သိရသည်။

#မအူပင်မြို့ #ပိုက်ဆံပေးမည် #စစ်မှုထမ်း #လူငယ်၂ဦး #ကျပ်ငွေ၁သိန်း #သင်တန်းကျောင်း #၁ဦးထွက်ပြေး #Ayeyarwaddy_Times