ဧရာဝတီတိုင်းမ်
မတ် ၃၀ ရက်

အာဏာသိမ်း စစ်ကောင်စီက တက္ကသိုလ်ဝင်တန်းစာမေးပွဲ(စနစ်သစ် Grade-12) မဖြေဆိုခဲ့ရသည့် ကျောင်းသား၊ ကျောင်းသူများအတွက် အထူးအစီအစဉ်အနေဖြင့် ဒုတိယအကြိမ်ဖြေဆိုခွင့် ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် မှတ်ပုံတင်ထားပြီး မဖြေဆိုခဲ့ရသည့် ကျောင်းသား၊ ကျောင်းသူများအတွက် သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်များရှိ သတ်မှတ်ထားသည့် စာစစ်ဌာနများတွင် စာမေးပွဲကို ဒုတိယအကြိမ်မြောက် ထပ်မံကျင်းပမည်ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီက ထိုကဲ့သို့ တိုက်ပွဲဖြစ်ပွားရာဒေသများရှိ ကျောင်းသား၊ ကျောင်းသူများအတွက် စာမေးပွဲပြန်လည်ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောဆိုနေသော်လည်း ကရင်နီပြည်နယ်တွင်မှာမူ နှစ်ကြိမ်စလုံး စာစစ်ဌာန ဖွင့်လှစ်နိုင်ခြင်းမရှိပဲ စာစစ်ဌာနအများစုမှာလည်း နယ်မြေအခြေအနေတည်ငြိမ်နေသည့် မြို့ကြီးများတွင် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

“အခုလက်ရှိမှာတော့ကရင်နီမှာ စစ်ကောင်စီကျောင်းမရှိတော့ပါဘူး။ ဆိုတော့တက္ကသိုလ်ဝင်တန်း စာမေးပွဲကျင်းပဖို့အခြေနေတော့ မရှိနိုင်တော့ဘူး” ဟု IEC ပညာရေးဌာန ဌာနမှူးကြီး မော်မိမာက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဒုတိယအကြိမ်ကျင်းပမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို လာမည့် ဧပြီလ ၂၉ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ကာ မေးခွန်းအသစ်ဖြင့် ဖြေဆိုရမည်ဖြစ်ပြီး စာမေးပွဲဖြေဆိုရန် မှတ်ပုံတင်ပြီးသော ဖြေဆိုရန် ခုံအမှတ်ကျပြီးသော်လည်း စာမေးပွဲမဖြေဆိုလိုက်ရသူများကို ရည်ရွယ်ကြောင်း ပညာရေးအသိုင်းအဝိုင်းနှင့် နီးစပ်သူများထံက သိရသည်။

“မဖြေတဲ့လူတွေပြန်ဖြေလို့ရအောင်လုပ်တယ်ဆို‌တော့ ဖြေတဲ့စာရင်းကိုများစေချင်လို့ထင်တယ်။ စည်းကမ်းကစည်းကမ်း‌ပဲ။ အစိုးရစစ် စာမေးပွဲက မေးခွန်းအမှားတောင်မခံတာကို မေးခွန်းလည်းမတူပဲ ထပ်လုပ်တာဆို‌တော့ လွယ်တာ ခက်တာတွေမမျှတာတွေရှိသွားမှာပေါ့။ ဖြေတဲ့လူလည်း နည်းနေလို့ တမင်များအောင်လုပ်တာလို့ ထင်တယ်” ဟု ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုခဲ့သည့် ကျောင်းသူတစ်ဦးက ပြောသည်။

ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ပြီးခဲ့သည့် မတ် ၁၁ ရက်နေ့ကစတင်ကျင်းပခဲ့ခြင်းဖြစ်ကာ စာမေးပွဲဖြေဆိုရန်စာရင်းသွင်းထားသူ ၁၄၆,၅၂၃ ဦးရှိရာ စာမေးပွဲဖြေဆိုသူမှာ ၁၂၈,၈၀၁ ဦးရှိပြီး အာဏာသိမ်း စစ်ကောင်စီလက်ထက်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ ၅၀ ရာခိုင်နှုန်းနီးပါး လျော့ကျခဲ့ကြောင်း လည်း သိရသည်။

ဓာတ်ပုံ – လူမှုကွန်ယက်
ပုံစာ – တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများ(ပုံဟောင်း)။
#တက္ကသိုလ်ဝင်တန်းစာမေးပွဲ #Grade12 #စစ်ကောင်စီ #ဒုတိယအကြိမ်ကျင်းပ #Ayeyarwaddy_Times