နိုရာ/ဧရာ၀တီတိုင်းမ်
မတ် ၃၀ ရက်
မှောင်ရီပျိုးစ နေရောင်ကျသွားချိန်မှာ ဒေါ်မြသီဟာ သူ့လက်စွဲတော် ဒန်ဖလား အချိုင့် လေးကို လက်တစ်ဖက်က ကိုင်လိုက်ပါတယ်။
နောက်လက်တစ်ဖက်မှာတော့ သူ့ရဲ့လက်စွဲတောင်ဝှေး ဝါးလုံးဆွေး တစ်ချောင်းကို တုတ်ကောက်အဖြစ် အားပြုပြီး သူ့မိတ်ဆွေအိမ်တွေရှိရာကို ခနော်နီခနော်နဲ့ လျှောက်လာ နေပါတယ်။
ဒေါ်မြသီလက်ထဲက ဒန်ဖလားလေးဟာ ဒေါ်မြသီတို့ မြေးအဖွားနှစ်ယောက်ကို ရှာဖွေကျွေးမွေးနေတဲ့ အဖိုးတန်ရတနာတစ်ပါးပေါ့။ ဒါကြောင့်လည်း ဒေါ်မြသီဟာ လက်ထဲက ဒန်ဖလားကို အသာအယာချရင်း မျက်ရည်ကို သုတ်ပါတယ်။
သူအိမ်ကနေ စထွက်လာကတည်းက ကျတဲ့မျက်ရည်ဟာ အိမ်ထဲပြန်ဝင်မှပဲ တိတ်ပါတယ်။
ဒေါ်မြသီဆိုတာ အသက် ၇၀ အရွယ် အဘွားအိုတစ်ဦးဖြစ်ပြီး ယခင်က အခုသူနေထိုင်နေတဲ့ ကျူးကျော် ရပ်ကွက်ထဲမှာ ပဲပြုတ်ရောင်းတဲ့အလုပ်ကို တစ်လမ်းဝင် တစ်လမ်းထွက် လုပ်ကိုင်ခဲ့ သူပါ။ သူ့သမီးက သူတို့ကိုထားပြီး ထွက်ပြေးသွားတာကြောင့် ၅ နှစ်အရွယ် မြေးငယ်နှင့်အတူ ဘဝကိုခက်ခက်ခဲခဲရပ်တည်ရာကနေ နိုင်ငံရေးအလှည့်အပြောင်းမှာ ကျပ်တည်းပြီး တောင်းရမ်းစားသောက်ရတဲ့ ဘဝကို ရောက်ခဲ့ရတာပါ။
သူ.. ပဲပြုတ်ရောင်းစဉ်က သုံးခဲ့တဲ့ ဒန်ဖလားကတော့ တောင်းရမ်းရာမှာ သုံးဖို့ ဖြစ်လာတဲ့ အဆောင်တစ်ခု ဖြစ်သွားပါပြီ။
ဒေါ်မြသီဟာ ဒီဒန်ဖလားထဲကို ရေအနည်းငယ်ထည့် ပဲပြုတ်တောင်းပေါ်တင်ပြီး “ဟော့ဒီက..ပဲပြုတ်” လို တစ်လမ်းဝင် တစ်လမ်းထွက် အသံစွာစွာနဲ့ ရောင်းချရတဲ့ အလုပ်ကိုနှစ်သက်စွာ လျှောက်လှမ်းရင်း ငွေရှာရတာကို မြတ်နိုးခဲ့သူပါ။
စစ်တပ် အာဏာသိမ်းပြီးနောက် တိုင်းပြည် အလှည့်အပြောင်းနဲ့ ရောဂါဖိစီးလာတဲ့အခါ ရေထည့်တဲ့ ဒန်ဖလားဟာ ငွေထည့်ဖို့ဖြစ်လာရပြီး တုန်ခိုက်ချိနဲ့စွာနဲ့ ငွေရှာရပါ တော့တယ်။
တောင်းရမ်းရာမှာ တစ်အိမ်ဝင် တစ်အိမ်ထွက် တောင်းရမ်းဖို့ သတ္တိမရှိသေးတာအပြင် ကျန်းမာရေး ကြောင့်လည်း သူ့ဆီက ပဲပြုတ်ဝယ်ဖူးတဲ့ ဖောက်သည် အချို့ထံကိုသာ ၅၀၀ ၊ ၁၀၀၀ မျိုး ဝင်တောင်းနေရပါတယ်။ ဒန်ဖလားထဲကို ငွေစက္ကူအချို့ကျလာတိုင်း ဒေါ်မြသီမျက်ရည်တို့ကလည်း ထိန်းမရခဲ့ပါဘူး။
“ပဲပြုတ်နှိုက်ပြီးတိုင်း လက်ဆေးရတဲ့ ဒီဒန်ဖလားကို တောင်းရမ်းစားသောက်ရာမှာ သုံးရမယ်လို့ တကယ်မတွေးမိပါဘူး။ အခုတော့ ဒီဒန်ဖလား အပိန်အရှုံ့လေးဟာ နှစ်သီးစားပေါ့။ ကျွန်မ ရှက်လည်းရှက်ပါတယ်” လို့ ဒေါ်မြသီကပြောပါတယ်။
အာဏာသိမ်းပြီးနောက် တစ်ရှိန်ထိုးတက်လာတဲ့ ကုန်ဈေးနှုန်းကြောင့် သာမန်လက်လုပ်လက်စားဖြစ်ကြတဲ့ ဒေါ်မြသီတို့ ရပ်ကွက်လေးထဲက လူတွေဟာ နံနက်စာအတွက် ပဲပြုတ်ကို ပုံမှန် ဝယ်မစားနိုင်တော့ပါဘူး။
လက်လုပ်လက်စားတွေဟာ မနက်စာအတွက် ပဲပြုတ်ဝယ်တာကို လျှော့လိုက်ကြပြီး သူတို့အတွက် အရေးကြီးတဲ့ နေ့လယ်စာ ဝမ်းရေး ဖြေရှင်းဖို့အတွက်သာ လုံးပမ်းလာ ကြတာမို့ ဒေါ်မြသီဟာ ပဲပြုတ်သည်ဘဝကို လက်လွှတ်ခဲ့ရပါတော့တယ်။
အာဏာမသိမ်းခင်က ပဲပြုတ် ၁၀ ကျပ်သားကို ငွေကျပ် ၂၀၀ သာရှိပြီး အာဏာ သိမ်းပြီးနောက်ပိုင်း ပဲပြုတ် ၁၀ သားဟာ ငွေကျပ် ၁၀၀၀ နား ကပ်လာခဲ့တာကြောင့် ဒေါ်မြသီတို့ ကျူးကျော် ရပ်ကွက်ထဲက သူတွေအတွက် ပဲပြုတ်ဟာ ဇိမ်ခံစားစရာပါပဲ။
“ပဲပြုတ်တစ်ထောင်ဖိုး ဝယ်စားမယ့်အစား ဈေးထဲက ဂျပန်ငါး အရိအရွဲလေးတွေ တစ်ထောင်ဖိုးချက်စားရင် မိသားစု သုံးယောက်လောက် စားလို့ရတော့ ပဲပြုတ်လည်း ဝယ်မစားနိုင်ကြတော့ဘူးပေါ့” လို့ ဒေါ်မြသီက ဆိုပါတယ်။
ပဲပြုတ်တစ်ပြည်ကို ငွေ ၂၀၀၀ ခန့်သာမြတ်ပြီး တစ်နေ့ နှစ်ပြည်ကုန်မှ ငွေ ၄၀၀၀ ကျပ် လက်ထဲကျန်မှာမို့ ဒေါ်မြသီဟာ နေမထွက်ခင်ကတည်းက ရပ်ကွက်ထဲမှာ ခပ်သွက်သွက် သွားလာရောင်းချရပါတယ်။
အခုအခြေအနေမှာတော့ အဲ့ဒီငွေ ၄၀၀၀ ကိုတောင် ဒေါ်မြသီ မရှာဖွေနိုင်တော့ပါဘူး။
ပဲပြုတ်ကို အပိုစားစရာအဖြစ် တွက်ချက်လာရတဲ့ လူတန်းစားတွေကြားမှာ ဒေါ်မြသီ လုပ်ကိုင်စားသောက်ဖို့ မဖြစ်နိုင်တော့ပါဘူး။
အခြေအနေမပေးတဲ့အခိုက်မှာ ဆီးချိုရောဂါကလည်း ဝင်လာပြီး ဆီးချိုတက်တဲ့အခါ မျက်စိ နှစ်ဖက်လုံးက ခပ်ဝါးဝါးသာမြင်ရတာမို့ လမ်းလျှောက်တဲ့အခါတိုင်း ဝါးလုံး တစ်ချောင်းကို လမ်း လျှောက် တုတ်သဖွယ် အသုံးပြု လျှောက်လှမ်းရပါတယ်။
မလုပ်တတ် မကိုင်တတ်နဲ့ ဒေါ်မြသီဟာ တစ်ဦးတည်းသော မိသားစုဝင် ၅ နှစ်အရွယ် မြေးလေးနဲ့အတူ မရှိရှိတာစားပြီး အိမ်ထဲ ရေသောက်ရင်းနေခဲ့တာပါ။ သုံးရက်မြောက်မှာ မြေးယောကျ်ားလေးဟာ ဗိုက်ဆာ လွန်းလို့ ငိုတောင် မငိုနိုင်တော့ဘဲ ပျော့ဖတ်ပြီး ခွေကျသွားတာကြောင့် ကျေးဇူးရှင် ဒန်ဖလားကိုဆွဲပြီး ရပ်ကွက်ထဲကို ထွက်ခဲ့ရတယ်လို ဒေါ်မြသီက ဆိုပါတယ်။
“ကျွန်မ အကြွေးတင်ခံပြီး သုံးလေးခါ အရင်းပြုတ်တဲ့အထိ ပဲပြုတ်ဆက်ရောင်း နေသေးတယ်။ ကြာတော့ တောင့်မခံနိုင်တော့ဘူး။ အကြွေးတွေကို ကျွန်မ ဘယ်လို ဆက်မလဲ။ ကျွန်မက အငတ်ခံပြီး သေသွားရင် ဝဋ်ကျွတ်တယ် တွေးပါတယ်။ ဒီမိမရှိ ဖမရှိ မြေးငယ်လေး ငတ်ပြတ်သေသွားမှာတော့ ကျွန်မ မမြင်ရက်ဘူး ” လို့ ဒေါ်မြသီက ကျလာတဲ့ မျက်ရည်တွေကို ထမီ အထက်ဆင့်စနဲ့ တို့သုတ်လိုက်ရင်း ပြောပါတယ်။
“ကျွန်မ သူတောင်းစားလုပ်ဖို့ ဆုံးဖြတ်ရတာပါပဲ”
အစာအာဟာရ ပြည့်ဝစွာ မစားရတာရော ဆီးချိုရောဂါကြောင့်ရော ဒေါ်မြသီရဲ့ ကျောနဲ့ ရင်ဟာ တစ်ချပ်တည်းလိုပါပဲ။ အကြောတွေထောင်ထနေတဲ့ လက်ချောင်းတွေဟာလည်း အရည်အသားတို့ ပါးရှားခြောက်ခမ်းလို့ ထင်းခြောက်ရိုးသာသာပဲ ရှိပါတော့တယ်။
ကမ္ဘာ့ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ၏ စစ်တမ်းများအရ မြန်မာနိုင်ငံမှာ နိုင်ငံသူ နိုင်ငံသား ၁၅သန်း ကျော်ဟာ ဝမ်းရေးအခက်အခဲကို အလယ်အလတ် သို့မဟုတ် အပြင်းအထန်ကြုံတွေ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များ မြင့်တက်လာသည့် အတွက် မြန်မာနိုင်ငံ အတွင်းရှိ ပြည်သူများမှာ ဆန်နှင့် စားသုံးဆီ ဝယ်ယူရန်ပင် လက်လှမ်းမမီကြတော့ပါ။
နိုင်ငံအတွင်း ဒေသအနှံ့အပြားတွင် ဖြစ်ပွားနေသော စစ်ပွဲများကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အသက်ကယ်အထောက်အပံ့များကို နိုင်ငံအတွင်းရှိ နေရပ်စွန့်ခွာပြေးရတဲ့ ပြည်သူများ အရေးတကြီးလိုအပ်လျက်ရှိပါတယ်။
WFPရဲ့ စစ်တမ်းအရ လူသုံးယောက်မှာ တစ်ယောက်က စားနပ်ရိက္ခာရှားပါးတဲ့ ဒဏ်ကို ခံစားနေရတယ်လို့ သိရပါတယ်။
အလုပ်အကိုင်အခွင့်အလမ်းနည်းပါးမှုနှင့်အတူ အမျိုးသမီးအခွင့်အရေး၊ နိုင်ငံသား အခွင့်အရေး ဘာကိုမျှ မသိရှာတဲ့ ဒေါ်မြသီတို့လို အမျိုးသမီးတွေဟာ မြန်မာနိုင်ငံ အတွင်းမှာ အတော်များများရှိနေပါတယ်။
မြန်မာအမျိုးသမီး အများစုမှာ လူမှုရေးတာဝန်၊ အိမ်မီးဖိုးချောင်တာဝန်များအပြင် နိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခကြောင့် အသက်ရှင်နေထိုင်ဖို့ တာဝန်များအပြင် ဒေါ်မြသီတို့လို အိမ်ထောင်ဦးစီး တာဝန်ယူထားရတဲ့ အမျိုးသမီးများလည်း ရှိလာ ပါတယ်။
တောင်းရမ်းစားသောက်ရတဲ့ ဘဝကို အသားမကျသေးတဲ့ ဒေါ်မြသီနဲ့ သူ့မြေးငယ်လေး ဟာ တစ်ပတ်မှာ သုံးရက်လောက်သာ ထမင်းစားပြီး ကျန်တဲ့ရက်တွေကို ဆန်ပြုတ်၊ ထမင်းရည်တို့နဲ့သာ အသက်ဆက်နေရပါတယ်။
သာမန်လူတန်းစားထက်နိမ့်ကျတဲ့ ဒေါ်မြသီတို့လို ကျူးကျော်ရပ်ကွက်နေ အောက်ခြေ လူတန်းစားများအဖို့ နေပူထဲ ပင်ပင်ပန်းပန်း ပန်းရံလုပ်လို့ရတဲ့ တနေ့စာနေ့တွက်ခဟာ တစ်သောင်းမကျော်ပါဘူး။
စက်သုံးဆီဈေးတွေ တရှိန်ထိုးမြင့်တက်ပြီးနောက် ကားဂိတ် ကနေ ကျူးကျော် ရပ်ကွက်ထိ ကယ်ရီခဟာ တစ်ယောက်တစ်ထောင်ကျပြီး ဘတ်စ် ကားခဟာလည်း ၅၀၀ ကျပ်ပေးရတာမို့ လမ်းစရိတ်နဲ့တင် မိသားစုအတွက် ငွေခြောက်ထောင်ပြန်ပါဖို့ မနည်း ကြိုးစားရရှာပါတယ်။
“နေ့တိုင်းထွက်မတောင်းရဲဘူး။ ရတိုင်း လာတောင်းနေတယ်လို့ ထင်ပြီး နောက်မပေး မကျွေးတော့မှာကို ထည့်တွက်ရသေးတယ်။ နှစ်ပတ်တစ်ခါလောက်ပဲ ထွက်တောင်း ဝံ့တယ်။ ၂ရက် ၃ရက်လောက် ထမင်းနဲ့ ငပိထောင်း တစ်ရာတန် ဘူးလေးဝယ်စားပြီး ကျန်တဲ့ရက်တွေ ဆန်ပြုတ်တို့ ထမင်းရည်တို့ပဲဝယ်သောက်လိုက်တယ်” လို့ ဒေါ်မြသီက ဆိုပါတယ်။
ဒေါ်မြသီတို့ ကျူးကျော်ရပ်ကွက်မှာ ထမင်းရည် ၁လီတာ တစ်ဘူးကို ၂၀၀ကျပ်နဲ့ ရောင်းချစားသောက်နေရသူတွေရှိပါတယ်။ ဆန်မရှိလို့ ထမင်းအိုးပင်မချက်နိုင်တဲ့ အတွက် ထမင်းရည်ကို အိမ်နီးချင်းတွေဆီကနေ ဝယ်သောက်နေရသူတွေရှိတယ်လို့ သိရပါတယ်။
ဒေါ်မြသီနဲ့ ကျူးကျော်အိမ်နီးချင်းတစ်စုဟာ အသက်ရှိသေးလို့သာ မသေကြရသေးတာဖြစ်ပြီး အာဟာရပြည့်ဝစွာ မစားရတဲ့အပြင် ရာသီဥတုနဲ့ သင့်တော်တဲ့ အဝတ်ရယ်လို့လည်း မရှိရှာကြပါဘူး။
“ကလေးလည်း အာဟာရမပြည့် မသေရုံတစ်မယ်စားသောက်နေရလို့ ပိန်လှီနေတာပါပဲ။ ကျောင်းလည်း မထားနိုင်ပါဘူး။ ဘေးကအိမ်နီးချင်းတွေကပြောတယ် ဘုန်းကြီးကျောင်း ပညာသင်ကြားရေးထားလို့ရတယ်။ အလှူရှင်ရှိရင် ထမင်းလည်းကျွေးတယ် ဆိုပေမယ့် နေ့စဉ် လူကြားထဲသွားဖို့ အဝတ်အစားလည်းမရှိသလို ထမင်းရည်သောက်ရတဲ့နေ့ဆိုရင် မလွယ်လို့ ကျောင်းလည်း မထားဖြစ်ပါဘူး” လို့ ဒေါ်မြသီက ပြောပါတယ်။
လူတန်းစေ့ မကျွေးနိုင်သလို ကျူးကျော်ရပ်ကွက်ရဲ့ အပြင်ဘက် အသိုင်းအဝိုင်း တစ်ခု ကိုရောက်ခဲ့ရင် သူတို့က တောင်းစားနေကြတယ်လို့ သူ့မြေးလေးကိုအပြောအဆိုခံရမှာ ဒေါမြသီက စိုးရိမ်တယ်လို့ ဆိုပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့ UNICEF ရဲ့ ၂၀၂၂ ခုနှစ် မေလ အထိ ကိုဗစ်ကာလစစ်တမ်းအရ မြန်မာနိုင်ငံအတွင်း လူငယ် ၁၂ သန်းရဲ့ ပညာရေး ဖြတ်တောက်ခံခဲ့ရပြီး ယခုလက်ရှိမှာလည်း ကျောင်းနေအရွယ် ကလေး ၁၀ အနက် သုံးဦးဟာ ကျောင်းမနေရဘူးလို့ သိရပါတယ်။
ဒေါ်မြသီအဖို့ လုပ်ကိုင်ရင်းနှီးစားသောက်ဖို့ ရည်ရွယ်ပေမယ့် အသက်အရွယ်နဲ့ ရောဂါကြောင့် ရှေ့ဆက်ဖို့ လမ်းစပျောက်နေပြီး မြေးငယ်အတွက် အနာဂတ်ဟာလည်း စိုးရိမ်စရာကောင်းလောက်အောင် အစရှာရခက်နေပါတယ်။
ကပ်ရောဂါဘေးအန္တရာယ်ဆိုးနှင့် စစ်ရေးဒုက္ခ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တပြိုင် တည်းခံစားခဲ့၊ ခံစားနေရတဲ့ မြန်မာပြည်သူတွေရဲ့ အနာဂတ်ဟာလည်း ဒေါ်မြသီတို့ မြေးအဖွားလို ထူးမခြားနား ရင်ဆိုင်ကြုံတွေ့နေရတာပဲဖြစ်ပါတယ်။
“ဒီဒန်ချိုင့် တစ်လုံးသာ ကျွန်မတို့အနာဂတ်ပါ။ ဒီကလေးကိုလည်း ကျွန်မလဲ ပြိုသွားခဲ့ရင် ဘေးအိမ်တွေက တစ်လုတ်တစ်ဇွန်းကျွေးလိမ့်မယ်လို့ မျှော်လင့်တာပါပဲ။ အရင်လို မျက်စိကောင်း ခြေထောက်ကောင်းဆိုရင် ကျွန်မ အသက် ၁၀၀ ရောက်ရင်လည်း ပဲပြုတ်တောင်းခေါင်းပေါ်တင် ရဲရဲဝံ့ဝံ့ နေရဲပါတယ်” လို့ ဒေါ်မြသီက ဆိုပါတယ်။