
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ မတ် ၃၀ ရက်
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီ မြို့နယ် သိန္ဒောစခန်းမှ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းများ ယူဆောင်၍ အလင်းဝင်ရောက်လာကြောင်း မြိတ်ခရိုင်ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁) က မတ် ၂၈ ရက်နေ့တွင် ထုတ်ပြန်သည်။
ဘက်ပြောင်းခိုလှုံလာတဲ့ စစ်ကောင်စီတပ်သားသည် MA-1 တစ်လက်၊ ကျည်ဘောက် လေးခု၊ ကျည်ဆံ ၅၄၀ တောင့်၊ လက်ပစ်ဗုံး နှစ်လုံး၊ အီနာဂါ နှစ်လုံး တို့နှင့်အတူ မတ်လ ၂၅ ရက်နေ့က မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၁) ထံ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဘက်ပြောင်းခိုလှုံလာတဲ့ စစ်ကောင်စီတပ်သားကို ဆုငွေချီးမြှင့်မယ်။ ပြီးတော့ သူသွားချင်တဲ့ နေရာကို ရောက်အောင်ပို့ဆောင်ပေးသွားမယ်” ဟု မြိတ်ခရိုင် ပြည်သူ့ကာကွယ်ပူးပေါင်းစစ်ကြောင်း (၁)၏ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိအချိန်တွင် အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားကို လုံခြုံသည့် နေရာ၌ ကောင်းမွန်စွာ စောင့်ရှောက်ထားပြီး အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC) ၏ နိုင်ငံ့ဝန်ထမ်း (CDM) မူဝါဒနှင့်အညီ ဆက်လက်လုပ်ဆောင် ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်စစ်ကြောင်း (၁) ကို မြိတ်ခရိုင်တပ်ရင်း-၂ ၊ တပ်ခွဲ-၁၊ ဘက်မလိုက်ပြောက်ကျားအဖွဲ့၊တောင်ပိုင်းသူရဲကောင်းအဖွဲ့(SWDF)၊ မြိတ်မြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ ပူးပေါင်းပါဝင်ဖွဲ့စည်း ထားခြင်းဖြစ်သည်။
အဆိုပါ ပူးပေါင်းစစ်ကြောင်းဖွဲ့စည်းပြီးနောက် CDM ပြုလုပ်၍ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာသည့် စစ်ကောင်စီတပ်သား နှစ်ဦးရှိပြီ ဖြစ်ကြောင်း တာဝန်ရှိသူထံက သိရသည်။
ဓာတ်ပုံ ၊ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၁)
#တနင်္သာရီ #စစ်ကောင်စီတပ်သား #လက်နက်ခဲယမ်း #ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ #အလင်းဝင်ရောက် #Ayeyarwaddy_Times