
နွေဦးမောင် /ဧရာဝတီတိုင်းမ်
မတ်လ ၂၉ရက်
ကရင်ပြည်နယ် မြဝတီမြို့ ကုန်သွယ်ရေးစက်မှု့ဇုံ အနောက်ဘက်ရှိ ဝှေ့ရှမ်းကျေးရွာကို စစ်ကောင်စီက မတ် ၂၈ ရက်နေ့ နေ့လယ်ပိုင်းက လေယာဥ်ဖြင့် ဗုံးကြဲ၍ လူနေအိမ် အချို့မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီသည် ကရင်ပြည်နယ်အတွင်းတွင် မြေပြင်ထိုးစစ် ဆင်နိုင်ခြင်းမရှိတော့ဘဲ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကို နေ့စဥ် ပြုလုပ်လာနေကြောင်း တော်လှန်ရေး တပ်ဖွဲ့ အင်အားစုများထံက သိရသည်။
“မနေ့က လေယာဥ်နဲ့ ဗုံးလာကြဲတာ အနည်းဆုံး (၂၅) ကြိမ်လောက်ရှိမယ်ဗျ။ မြဝတီမြို့ရှိ စက်မှုဇုန် အနောက်ဘက်က ဝှေ့ရှမ်းရွာကိုအဓိက ကြဲချသွားတာ။ အိမ်ခြေ ၂၀ လောက် မီးလောင်ပျက်စီးတာရှိတယ်။ အပြစ်မဲ့ပြည်သူတွေနေတဲ့ အဆောက်အဦးတွေကို ကြဲချတာ မြေပြင်ကို သူတို့မဆင်းရဲကြလို့။ မဲမဲ မြင်ရာ လိုက်ပြီး ဗုံးကြဲချနေတဲ့ သဘော ဖြစ်နေတာ” ဟု မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် မြ၀တီမြို့အနီးတွင် တရုတ်နိုင်ငံထုတ် အပေါ့စား လေယာဥ်ငယ်များဖြင့် ရက်ခြား၍ ဗုံးကြဲချနေပြီး ယမန်နေ့ မတ် ၂၈ ရက်နေ့ နေ့လယ်ပိုင်းတွင် စစ်လေယာဥ်ဖြင့် ပေါင် ၃၀၀ ဗုံးများကို လာရောက် ကြဲချခဲ့ကြောင်း မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်က ဆိုသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် မတ် ၂၇ ရက်နေ့ကလည်း မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်၍ လူနေအိမ် ၅၀ ကျော်အထိ မီးလောင်ပြာကျခဲ့သေးကြောင်း ဓမ္မသရွာ ဒေသခံများထံက သိရသည်။
ဓာတ်ပုံ -ပေးပို့
ပုံစာ- စစ်ကောင်စီတပ်က ဝှေ့ရှမ်းရွာသို့ ဗုံးကြဲ၍ မီးလောင်နေစဉ်
#ကရင်ပြည်နယ် #မြဝတီမြို့အနီး #ဝှေ့ရှမ်းရွာ #စစ်ကောင်စီ #လေယာဥ်ဖြင့်ဗုံးကြဲ #လူနေအိမ်အချို့ #မီးလောင် #Ayeyarwaddy_Times