နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၂၉ ရက်

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် စစ်တပ်၏ အခန်းကဏ္ဍများကို ထည့်သွင်းထားခြင်းသည် ကြုံတွေ့ခဲ့ရသော အားနည်းချက်များအား ကြိုတင်ပြင်ဆင် ကာကွယ်နိုင်ရန်ဖြစ်ပြီး စစ်တပ်အတွက် မဟုတ်ဘဲ နိုင်ငံအကျိုးကို မျှော်ကိုး၍ ထည့်သွင်းပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုသည်။

ဘက်ပေါင်းစုံ ရှုံးနိမ့်မှုများဖြင့် အထိနာနေသော စစ်ကောင်စီသည် မတ် ၂၇ ရက်တွင် (၇၉) နှစ်မြောက် တပ်မတော်နေ့ (ဖက်ဆစ်တော်လှန်ရေးနေ့) အခမ်းအနားအား ကျင်းပခဲ့ပြီး စစ်ခေါင်းဆောင်က မိန့်ခွန်းပြောရာ၌ ထိုကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ကြောင်း ၎င်းတို့၏ ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။

“၂၀၀၈ ခြေဥမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍတွေကို ထည့်သွင်းဖော်ပြထားခြင်းဟာ အတိတ်သမိုင်းစဉ်မှာ ကြုံတွေ့ခဲ့ရတဲ့ အားနည်းချက်တွေကို ကြိုတင်ပြင်ဆင် ကာကွယ်နိုင်ရေးအတွက် ပြဋ္ဌာန်းထားရခြင်းပဲ ဖြစ်တယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ တပ်မတော်ရဲ့ အခန်းကဏ္ဍမှာပါတဲ့ ပြဋ္ဌာန်းချက်အပိုဒ်တွေဟာ တပ်မတော်အတွက် ပြဋ္ဌာန်းထားတာ မဟုတ်ဘဲ နိုင်ငံတော်အကျိုးကို မျှော်ကိုးပြီး ထည့်သွင်းပြဋ္ဌာန်းထားခြင်းသာဖြစ်ကြောင်း ပြောကြားလိုတယ်” ဟု စစ်ခေါင်းဆောင်က ဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေသည် နိုင်ငံတစ်နိုင်ငံ၏ အမြင့်ဆုံး mother law ဖြစ်ကာ ယင်းဥပဒေ ရေးဆွဲရာ၌ နိုင်ငံအတွင်းရှိ အမျိုးမျိုးသော အင်အားစုများ၊ မတူညီသည့် အုပ်စုများအကြား ပါဝါချိန်ခွင်လျှာဖြစ်အောင် နိုင်ငံရေးအရ ညှိနှိုင်းရေးဆွဲပါက ပိုသင့်လျော်သကဲ့သို့ ကမ္ဘာတွင်လည်း ထိုသို့ ရေးဆွဲကြကြောင်း သိရသည်။

ထို့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေဟု ဆိုသော်ငြားလည်း နိုင်ငံရေးမျှခြေ မဖော်ဆောင်နိုင်ပါက သက်တမ်းတိုကာ အချိန်တိုတိုအတွင်း ပျက်စီးသွားခြင်းမျိုးရှိပြီး ဥပမာ- အမေရိကန်နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုလျှင် ၁၇၇၈ ခုနှစ်တွင် စတင်ရေးဆွဲခဲ့ရာ ယနေ့အချိန်ထိ မပျက်သေးဘဲ နှစ်ပေါင်း ၂၄၆ နှစ်ရှိပြီဖြစ်ကြောင်း စစ်ကိုင်းဖိုရမ် ဖြစ်မြောက်ရေးအဖွဲ့ဝင် ကိုစိုးဝင်းဆွေက ပြောသည်။

“ဘာကြောင့်လဲဆိုတော့ ယနေ့အချိန်ထိ အမေရိကန် ပြည်သူတွေရဲ့ အကျိုးစီးပွါး၊ နိုင်ငံရေး မျှခြေတစ်ခုကို ဒီဖွဲ့စည်းပုံ အခြေခံဥပဒေက ဖော်ဆောင်ပေးနိုင်လို့ပေါ့။ ကျွန်တော်တို့ နိုင်ငံက ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးရတယ်။ လွတ်လပ်ရေးရပြီးတော့ အနှစ် ၇၀ ကျော် ၈၀ သက်တမ်းပဲ ရှိသေးတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ သုံး ခု ပေါ်ထွန်းခဲ့တယ်။ သုံး ခုစလုံးလဲ ပျက်စီးသွားခဲ့ပြီ” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ သုံး ခု ပြဌာန်းခဲ့ပြီး ၎င်းတို့မှာ ၁၉၄၇ ၊ ၁၉၇၄ နှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတို့ဖြစ်ကာ ပျက်စီးသွားသည့် အကြောင်းအရင်းမှာ အစုအဖွဲ့တစ်ခုက အသာရရေးအတွက် ၎င်းတို့စိတ်ကြိုက် ရေးဆွဲခဲ့သောကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် နိုင်ငံရေးမျှခြေ ဖြစ်မနေကြောင်း သိရသည်။

“ပြောရမယ်ဆိုရင် ပုဒ်မ-၆(စ) မှာ အနာဂတ် နိုင်ငံတော်ရဲ့ နိုင်ငံရေး ဦးဆောင်မှုကနေ တပ်မတော်က အစဉ်သဖြင့် ဦးဆောင်သွားရမယ် ဆိုတာမျိုးကစလို့ပေါ့။ စံနှုန်းတွေ၊ လုပ်ထုံးလုပ်နည်းတွေ အကုန်လုံးပေါ့။ ဒါကြောင့်မို့လို့ ၂၀၀၈ ပျက်ရတဲ့ အကြောင်းအရင်း၊ ဒီနေ့ဒီအခြေစိုက်ရတဲ့ အကြောင်းအရင်းက နိုင်ငံရေးမျှခြေကို ထည့်သွင်းမစဉ်းစားဘဲ ကိုယ့်အုပ်စု အသာရရေးအတွက်ပဲ စစ်တပ်က လိုသလိုဆွဲထားလို့ ပျက်တယ်လို့ပဲ မြင်ပါတယ်” ဟု ကိုစိုးဝင်းဆွေက ဆိုသည်။

အာဏာသိမ်း စစ်ခေါင်းဆောင်ကမူ နိုင်ငံတိုင်း၏ တပ်မတော်များသည် ဖွဲ့စည်းပုံ၊ အင်အား၊ ရည်မှန်းချက်များ မတူညီကြသော်လည်း နိုင်ငံတော်ကာကွယ်ရေး အတွက် ဆိုသည့် ရည်ရွယ်ချက်တူကာ ထိုနည်းတူ နိုင်ငံတစ်ခု၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ သည်လည်း တစ်နိုင်ငံနှင့် တစ်နိုင်ငံ မတူညီနိုင်သော်ငြား မိမိတို့နိုင်ငံ၏ ရေရှည် အကျိုးစီးပွားအတွက် ဖြစ်သင့်ဖြစ်ထိုက်သည်များ ဦးတည်ပြဋ္ဌာန်း ကြကြောင်း ပြောကြားထားသည်။

ထို့အပြင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ပေါ်ပေါက်လာပုံ၊ သမိုင်းကြောင်း နောက်ခံအနေအထား၊ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး၊ စီးပွါးရေးနှင့် အခြားအခြေခံ အချက်အလက် များအပေါ် မူတည်၍ ရေးဆွဲပြဋ္ဌာန်းလေ့ရှိကာ မိမိတို့နိုင်ငံ၏ အမျိုးသား အကျိုး စီးပွားအတွက်သာ ပဓာနဖြစ်ကြောင်း စစ်ခေါင်းဆောင်က မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုခဲ့သည်။

“တကယ်တမ်းကတော့ သူတို့ကိုယ် သူတို့ မှတ်ပုံတင်ပြီး ကာကွယ်ချင်တဲ့ အတွက်ကြောင့် သူတို့ အသာစီးယူထားတဲ့ ကိစ္စတစ်ခုပါ၊ ကယ်တင်ရှင် အတွေး အခေါ်ပေါ့ဗျာ။ မြန်မာနိုင်ငံကြီးကို စစ်တပ်ကပဲ ကယ်တင်ထားရတယ် ဆိုတာမျိုး။ စစ်တပ်မရှိရင် ဘာဖြစ်သွားမလဲ၊ ပြောရမယ်ဆိုရင် စစ်တပ်မရှိမှ ကောင်းသွားမှာလေ။ ဒီစစ်အုပ်စိုးမှုမရှိမှ ကျွန်တော်တို့ နိုင်ငံက ကောင်းသွားမှာ” ဟု စစ်ကိုင်းဖိုရမ် ဖြစ်မြောက်ရေးအဖွဲ့ဝင် ကိုစိုးဝင်းဆွေက ပြောသည်။

ယခုနှစ် စစ်ကောင်စီ၏ (၇၉) နှစ်မြောက် တပ်မတော်နေ့ (ဖက်ဆစ်တော်လှန်ရေးနေ့) စစ်ရေးပြအခမ်းအနားသည် မဖြစ်မနေသဘောဖြင့် တွန်းအားပေး ပြုလုပ်ခဲ့သည့်အတွက် ယခင်နှစ်များကကဲ့သို့ တပ်အင်အား အစုံအလင် မရှိခဲ့သလို အမျိုးသမီး စစ်သည်များ၊ ရဲမေများဖြင့် အင်အားဖြည့်၍ စစ်ရေးပြကာ လက်နက်ယန္တရား စစ်ကြောင်းလည်း ပါ၀င်ခြင်းမရှိကြောင်း သိရသည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍကို ထည့်ထားတာဟာ ဘယ်လိုပဲ ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ထည့်ထားတယ်ပြောပြော လက်တွေ့မှာကတော့ တပ်မတော် ကနေပြီး တိုင်းပြည်ရဲ့အာဏာကို ထိန်းချုပ်ချင်တဲ့ သဘောမျိုး သက်ရောက်ပါတယ်” ဟု CDM ဗိုလ်ကြီး ညီသုတက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဓာတ်ပုံ – စစ်ကောင်စီ

#၂၀၀၈ခြေဥ #စစ်တပ်အခန်းကဏ္ဍ #နိုင်ငံအကျိုးကိုမျှော်ကိုး #ထည့်သွင်းပြဋ္ဌာန်းထား #စစ်ခေါင်းဆောင် #Ayeyarwaddy_Times