ဧရာဝတီတိုင်းမ်
မတ် ၂၉ ရက်

အိန္ဒိယနိုင်ငံဟာ မှောင်ခိုကူးမှုနဲ့ အခြား တရားမဝင် လှုပ်ရှားမှုတွေကို ဟန့်တားဖို့ ဆယ်စုနှစ် တစ်ခုအတွင်း မြန်မာနိုင်ငံနဲ့ထိစပ်နေတဲ့ ကီလိုမီတာ ၁၆၁၀ ရှိတဲ့နယ်စပ်ကို ခြံစည်းရိုးကာဖို့ ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံနီးပါး သုံးစွဲဖို့ စီစဉ်နေတယ်လို့ သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။

အမျိုးသားလုံခြုံရေးနဲ့ အရှေ့မြောက်ဒေသ မြေပြင်အနေအထားကို ထိန်းသိမ်းမယ့် နယ်စပ်ကို ခြံ စည်းရိုးခတ်ကာ နယ်စပ်နေပြည်သူတွေ မြန်မာနိုင်ငံနဲ့ ဗီဇာမလို လွတ်လပ်စွာသွားလာခွင့် အဆုံးသတ် မယ်လို့ အိန္ဒိယနိုင်ငံက ဒီနှစ်အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

ခြံစည်းရိုးကာမယ့် စီမံကိန်းအတွက် ကုန်ကျစရိတ်ကို အစိုးရကော်မတီတစ်ရပ်က ဒီလအတွင်း အတည်ပြုခဲ့ပေမယ့် ဝန်ကြီးချုပ် နာရင်ဒရာမိုဒီရဲ့အစိုးရက အတည်ပြုဖို့ လိုအပ်တယ်လို့ အမည်မဖော်လို တဲ့ အဆိုပါသတင်းရင်းမြစ်က ပြောပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်း ထောင်နဲ့ချီတဲ့ အရပ်သားတွေနဲ့ ရာချီတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဟာ လူမျိုးရေးနဲ့ ယဉ်ကျေးမှုတူညီမှုရှိတဲ့ အိန္ဒိယနိုင်ငံထဲက ပြည်နယ်တွေကို ထွက်ပြေးခဲ့လို့ လူမျိုးစု ကြား တင်းမာမှုတွေ အိန္ဒိယနိုင်ငံဘက် ပျံ့နှံ့လာမယ့်အန္တရာယ်ကို နယူးဒေလီက စိုးရိမ်ခဲ့ပါတယ်။

ဝေးလံခေါင်ဖျားတဲ့ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း မဏိပူရ်ပြည်နယ်က တင်းမာမှုတွေဖြစ်ပွား တာဟာ နယ်စပ်ကို လွတ်လပ်စွာ သွားလာခွင့်ပြုမှုကြောင့်လို့ အိန္ဒိယအစိုးရ အဖွဲ့ဝင်အချို့က အပြစ်ဖို့ခဲ့ ပါတယ်။

မဏိပူရ်ပြည်နယ်မှာ လူမျိုးစုနှစ်ခုကြား ပြည်တွင်းစစ်ပုံစံ အကြမ်းဖက်မှုတွေ တစ်နှစ်ကြာအောင် ဖြစ်ပွားခဲ့ပြီး ပဋိပက္ခမှာပါဝင်တဲ့ လူမျိုးစုတစ်ခုက မြန်မာနိုင်ငံရှိ ချင်းလူမျိုးနဲ့ ဆက်နွှယ်မှုရှိပါတယ်။

နယ်စပ်ခြံစည်းရိုးနဲ့အပြိုင် လမ်းမကြီးတွေနဲ့ နယ်စပ်ရှိ စစ်ဘက်စခန်းတွေကို ဆက်သွယ်ပေး မယ့် ကီလိုမီတာ ၁၇၀၀ ရှိ လမ်းမကြီးတွေ ဖောက်လုပ်ဖို့ ကော်မတီအဖွဲ့ဝင် အိန္ဒိယ အကြီးတန်းတာဝန် ရှိသူတွေက သဘောတူခဲ့တယ်လို့ ယင်းသတင်းရင်းမြစ်က ဆိုပါတယ်။

ခြံစည်းရိုးနဲ့ လမ်းမကြီးတွေတည်ဆောက်မှုဟာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုနဲ့ ကျူးကျော် ဝင်ရောက်မှုကို တားဆီးမယ့် နည်းပညာအသုံးပြုမှုကြောင့် ၂၀၂၀ ပြည့်နှစ်က ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ တည်ဆောက်ခဲ့တဲ့ ခြံစည်းရိုးအတွက် ကုန်ကျစရိတ် တစ်ကီလိုမီတာကို ရူပီး ၅၅ သန်းထက် နှစ်ဆ ကျော်ပိုများတဲ့ တစ်ကီလိုမီတာကို ရူပီး ၁၂၅ သန်းနီးပါး ကုန်ကျမယ်လို့ သိရပါတယ်။

ကိုးကား – Bangkok Post
Ref; India ‘to build $3.7bn Myanmar border fence’

#Ayeyarwaddy_Times