
မြရာ/ ဧရာ၀တီတိုင်းမ်
မတ် ၂၉ ရက်
မြန်မာ-တရုတ်နယ်စပ်ရှိ လွယ်ဂျယ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပိတ်ဆို့ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်ဖွဲ့၀င်များ နယ်စပ်ဖြတ်ကျော် ၍ ထွက်ပြေး ရာတွင် တရုတ်ဘက်မှလက်ခံခြင်း မပြုကြောင်း သိရသည်။
ယနေ့ မတ် ၂၉ ရက် နံနက်ပိုင်းအချိန်တွင် လွယ်ဂျယ်ရှိ စစ်ကောင်စီ တပ်စခန်း အားလုံးနီးပါးကို KIA က သိမ်းပိုက်ထိန်းချုပ်လိုက်ပြီးနောက် လွယ်ဂျယ်မြို့ကို ပိတ်ဆို့ ထိန်းချုပ်ထားခဲ့ရာ စစ်ကောင်စီစခန်းများမှ တပ်ဖွဲ့၀င်များ တရုတ်နိုင်ငံအတွင်းသို့ ၀င်ပြေးရန်လုပ်ဆောင်ခဲ့ကြကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
ထိုသို့ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့၀င်များကို တရုတ်နိုင်ငံဘက်ခြမ်းမှ လက်မခံဘဲ နယ်စပ်၀င် ပေါက်များတွင် ကြိုးနီများတား၍ တားမြစ်ထားကြောင်း သိရသည်။
“ယောယုံက ပင်မဗျူဟာကုန်းဖြစ်ပြီးတော့ ဟောင်၀စ် ဇာလက်နက်ကြီးတွေ ပါဆင်ထားတော့ အနားမှာရှိတဲ့ စခန်းတွေကို ထိန်းချုပ်နိုင်လိုက်သလိုဖြစ်သွားတယ်။ အဲဒီကုန်းက ပင်မပဲ။ တရုတ်ဘက်၀င်ပြေးတဲ့လူတွေကို လက်မခံဘဲ ကြိုးနီတားပြီး တားထားတယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
KIA သည် ယမန်နေ့ မတ် ၂၈ ရက်နေ့က ဗန်းမော်-လွယ်ဂျယ်လမ်းမပေါ်ရှိ စစ်ကောင်စီ၏ သမိုင်း၀င်ဗျူဟာစခန်း ယောယုံကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ကျန်ရှိနေသည့် စစ်စခန်းများမှ စစ်ကောင်စီတပ်သားများက စခန်းစွန့်ခွာ၍ ကိုယ်လွတ်ရုန်းထွက် ပြေးကြကြောင်း သိရသည်။
KIA က လွယ်ဂျယ်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာမှအရာရှိများနှင့် Non CDM ၀န်ထမ်းများကို မြို့မှထွက်ခွာခွင့် အချိန် ၁ ရက်ပေးထားသည်ဟု ဆိုသည်။
လွယ်ဂျယ်တွင် စစ်ကောင်စီ၏ တပ်စခန်းအဖြစ် စိန် လုံတောင်စခန်းတစ်ခုသာ ကျန်ရှိတော့ပြီး ၎င်းစခန်းကိုလည်း KIA က ပိတ်ဆို့ထားသည့်အတွက် မြေပြင်စစ်ကူ မရနိုင်တော့ဘဲ မကြာခင်အချိန်တွင် ယင်းစခန်းကို သိမ်းပိုက်နိုင်ချေရှိကြောင်း သတင်းရင်းမြစ်ထံက သိရသည်။
လက်ရှိတွင် စစ်ကောင်စီသည် တရုတ်နှင့် ဆွေးနွေးမှုများပြုလုပ်နေပြီး ၎င်းတို့၏ တပ်ဖွဲ့၀င်များကို လက်ခံရန်အတွက် ညှိနှိုင်းလျက်ရှိကြောင်း တပ်တွင်းသတင်းရင်း မြစ်ထံက သိရသည်။
ပုံစာ-ယောယုံတပ်စခန်းနှင့် တရုတ်နိုင်ငံဘက်မှ တားမြစ်ထားသည့်ကို တွေ့ရစဉ်
#မြန်မာတရုတ်နယ်စပ် #လွယ်ဂျယ်မြို့ #KIAပိတ်ဆို့ #ထိန်းချုပ် #စစ်ကောင်စီတပ်သားများ #ထွက်ပြေး #တရုတ်လက်မခံ #Ayeyarwaddy_Times