
မြရာ/ဧရာ၀တီတိုင်းမ်
မတ် ၂၉ ရက်
မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်ရှိ လင်းလက်ဝါပန်းတိမ်ဆိုင်ကို ယမန်နေ့က ရဲ၀တ်စုံ၀တ်ထားသည့် လူတစ်စုက ဓားပြ၀င်တိုက်ခဲ့ကြောင်း သိရသည်။
မန္တလေးမြို့ ၂၂ လမ်း၊ ၈၉ လမ်းနှင့် လမ်း ၉၉ ကြား သီရိမာလာ အရှေ့ရပ်ကွက်ရှိ လင်းလက်ဝါရွှေပန်းတိမ်ဆိုင်ကို ယမန်နေ့ မတ် ၂၈ ရက် ညနေ ၅ နာရီခန့်က ဒုရဲအုပ်အဆင့်ရှိ ရဲ၀တ်စုံ၀တ်ထားသူတစ်ဦးနှင့် ရဲဂျက်ကတ်၀တ်ဆင်ထားသူ စုစုပေါင်း ၄ ဦးတို့မှာ လက်နက်များကိုင်ဆောင်၍ ဓားပြတိုက်သွားကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါလူတစ်စုသည် ကားနံပါတ်ပြားကို သင်္ဘော ဆေးသုတ်ထားသည့် Mark-II ကားဖြင့်ရောက်ရှိလာပြီး ပန်းတိမ်ဆိုင်အတွင်း ၀င်ရောက်စစ်ဆေးမည်ဟု ဆိုကာ နေအိမ်သုံးထပ်အထိ တက်ကာ ရွှေထည်ပစ္စည်းများကို ယူဆောင်သွားကြောင်း သိရသည်။
၎င်းတို့၀တ်ဆင်လာသည့် ၀တ်စုံများအပြင် ကိုင်ဆောင်အသုံးပြုသည့် လက်နက်များအရ ရဲ၀န်ထမ်း များဖြစ်ကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။
“အဲဒီလိုကားကရဲနဲ့ စစ်သားတွေပဲစီးတာ။ သူတို့ကိုင်တဲ့ လက်နက်တွေကလည်း အရှည်တွေ၊ ရဲတွေစစ် သားတွေကိုင်တဲ့ လက်နက်မျိုး၊ ပစ္စတိုလည်းပါတယ်။ ဘာလို့သိလဲဆိုရင် မြို့မှာကင်းလှည့်ရင် အဲဒီလိုပုံစံနဲ့ မို့သိနေတာ”ဟု မန္တလေးမြို့ နေသူတစ်ဦးက ဧရာ၀တီတိုင်းမ် ကိုပြောသည်။
ဓားပြတိုက်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့၀င် များက အဆိုပါပန်းတိမ်ဆိုင်ကို လာရောက် စစ်ဆေး ခြင်းများပြုလုပ်ခဲ့ပြီး စစ်တပ်ထောက်ခံ ဝါဒဖြန့်ချန်နယ်များတွင် ထိုသို့ ရဲ၀တ်စုံ၀တ်၍ ရဲအယောင်ဆောင်ဓားပြတိုက်သူများသည် PDF များသာ ဖြစ်ကြောင်း ဝါဒဖြန့်ဖော်ပြလျက်ရှိသည်။
“ကိုင်ထားတဲ့လက်နက်နဲ့ ၀တ်ထားတဲ့ ရဲယူနီဖောင်းအပြည့်အစုံက တကယ့်ရဲမှန်း သိသာပါတယ်။ ဖိနပ်နဲ့ဘောင်းဘီကြားက ခြေကျင်းမှာ စည်းထားတဲ့ကြိုးက သပ်ရပ် နေတာကိုကြည့်ရင် ရဲတွေပါပဲ။ လေ့ကျင့်သားရနေတဲ့ ပုံမျိုးပါ”ဟု CDM ရဲတပ်သား တစ်ဦးက သုံးသပ်ပြောကြားသည်။
အလားတူ တာချီလိတ်မြို့နယ်တွင် စစ်တပ်နှင့်ရဲ၀တ်စုံများ၀တ်ဆင်၍ ဓားပြတိုက်မှုများ မကြာခဏဖြစ်ပွားနေသဖြင့် ရှာဖွေဖမ်းဆီးရာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၉ ရက်နေ့ ည ၁၂ နာရီခန့်က တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်ရှိ ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံး အိမ်ရာတွင် စစ်ကောင်စီခန့်ရွေးကော်ရုံးမှ ဒုဦးစီးအရာရှိ အေးကိုကိုဦး ဦးဆောင်သည့် ဓားပြအဖွဲ့ကို လက်နက်များဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ပုံစာ -ပန်းတိမ်ဆိုင်တွင် ရဲယူနီဖောင်းဖြင့် ဓားပြတိုက် နေစဉ်
#မန္တလေး #အောင်မြေသာစံ #လင်းလက်ဝါပန်းတိမ်ဆိုင် #ရဲ၀တ်စုံ #ဓားပြတိုက် #ရဲအစစ် #Ayeyarwaddy_Times