
ဧရာဝတီတိုင်းမ်
မတ် ၂၉ ရက်
မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ် အမှတ် (၁) ရဲလေ့ကျင့်ရေးသင်တန်းကျောင်းတွင် စစ်သင်တန်းတက်ရောက်နေသည့် လူငယ် ၉၀ ကျော်ကို စစ်ကောင်စီတပ်က မတ် ၁၄ ရက်နေ့က ရှေ့တန်းသို့ပို့ဆောင်လိုက်ကြောင်း သိရသည်။
ရမည်းသင်းမြို့နယ် အမှတ် (၁) ရဲလေ့ကျင့်ရေးစစ်သင်တန်းကျောင်းတွင် အကြောင်း အမျိုးမျိုးဖြင့် ဖမ်းဆီးခံထားရသည့် လူငယ် ၁၄၀ ကျော်ရှိသည့်အနက် လူငယ် ၉၀ ကျော်ကို တိုက်ပွဲဖြစ်ပွားရာ စစ်ကိုင်းတိုင်း၊ ကနီနယ်မြေနှင့် ကရင်နီ(ကယား) ဘက်သို့ ပို့ဆောင်ခြင်းဖြစ်သည်ဟု စစ်ကောင်စီတပ်မှ Non CDM တပ်ကြပ်ကြီး တစ်ဦးကဆိုသည်။
“အခုရှေ့တန်းအပို့ခံရတဲ့လူငယ်တွေက ဖမ်းဆီးခံထားရပြီး စစ်သင်တန်းမှာ စစ်သင်တန်း တက်နေရတဲ့ လူငယ်တွေများတယ်။ တစ်ချို့လူငယ်တွေလည်း ထွက်ပြေးကြတာ တွေရှိတယ်။ အပို့ခံထားရတာ သုံးပတ်လောက်ကျော်ပြီ။ တိုက်ပွဲမှာလည်း ကျ ဆုံးတာတွေရှိတယ်” ဟု ရမည်းသင်းမြို့နယ် အမှတ် (၁) ရဲလေ့ကျင့်ရေး သင်တန်း ကျောင်းနှင့် နီးစပ်သူ Non CDM တပ်ကြပ်ကြီးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
တိုက်ပွဲဖြစ်ပွားရာ စစ်ကိုင်းတိုင်း၊ ကနီနယ်မြေနှင့် ကရင်နီဘက်သို့ ပို့ဆောင်ခံထားရသည့် လူငယ် ၉၀ ကျော်သည် တိုက်ပွဲအတွင်း နှစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး ရှေ့တန်းမှ ထွက်ပြေးကြသည့် လူငယ်များလည်းရှိနေကြောင်း တပ်တွင်းသတင်းရင်းမြစ်က ဆိုသည်။
အဆိုပါ စစ်သင်တန်းသည် မတ်လ ပထမပတ်က စတင်ပေးနေခြင်းဖြစ်ပြီး လူငယ် ၁၄၀ ကျော်ရှိသည့်အနက် လူငယ် ၆၇ ဦးမှာ ရန်ကုန်မြို့က အကြောင်းအမျိုးမျိုး ခေါင်းစဥ်တပ်ကာ ဖမ်းဆီးခေါ်ဆောင်းလာသည့် လူငယ်များဖြစ်ကြကြောင်း သိရသည်။
ထို့သို့ ဖမ်းဆီးခံရပြီး အမှတ် (၁) ရဲလေ့ကျင့်ရေးသင်တန်းကျောင်းတွင် စစ်သင်တန်း တက်နေကြရသည့် လူငယ်အချို့ကိုမူ ငွေကြေးတတ်နိုင်သည့် မိဘများက သိန်းရာချီပေး၍ ရွေးယူခဲ့ပြီး ငွေကြေးမပြည့်စုံသည့် လူငယ်များမှာ သင်တန်းတွင် ကျန်ရှိကာ ရှေ့တန်းသို့ ပို့ဆောင်ခံရခြင်းဖြစ်ကြောင်း တပ်ကြပ်ကြီးထံက သိရသည်။
စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေကို အတည်ပြု ထုတ်ပြန်ပြီးနောက် စစ်မှုမထမ်း လိုသည့် လူငယ်အချို့သည် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံ ရောက်ရှိ နေကြသလို ပြည်ပထွက်ရန်အတွက် ပြင်ဆင်လာသူများနှင့် ထွက်ပြေးတိမ်းရှောင်သူ အများအပြား ရှိလာနေသည်။
မြန်မာနိုင်ငံရှိ တိုင်းနယ်၊ ပြည်နယ် အသီးသီးရှိ ရပ်ကွက်၊ မြို့ရွာများမှ ပြည်သူ အများ စုမှာသည် စစ်ကောင်စီတပ်တွင် စစ်မှုထမ်းရမည့်ဆိုသည့် ကိစ္စနှင့်ပတ်သက်၍ စိုးရိမ်စိတ်များ နေ့စဥ်မြင့်တက်လျက် ရှိကြောင်း စုံစမ်းသိရသည်။
ပုံစာ-ရမည်းသင်း အမှတ် (၁) ရဲလေ့ကျင့်ရေးသင်တန်းကျောင်း
#ရမည်းသင်း #စစ်ကောင်စီဖမ်းဆီး #လူငယ်များ #အမှတ်၁ #ရဲလေ့ကျင့်ရေးသင်တန်းကျောင်း #စစ်သင်တန်း #လူငယ်၉၀ကျော် #ရှေ့တန်း #၂ဦးသေဆုံး #Ayeyarwaddy_Times