ဧရာဝတီတိုင်းမ်
မတ် ၂၉ ရက်

ဧရာ၀တီတိုင်း ၊ ကျောင်းကုန်းမြို့နယ်တွင် လင်မယား ပိုင်ဆိုင်မှု ခွဲဝေရန် တောင်းဆိုရာမှ စကားများကာ ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူကို သတ်ပြီး မြေမြုပ်အလောင်းဖျောက်မှုကို သားဖြစ်သူကလာရောက်တိုင်ကြားသည့်အတွက် အမှုပေါ်ပေါက် ခဲ့ကြောင်းသိရသည်။

မတ်လ ၂၇ရက်နေ့ က ကျောင်းကုန်းမြို့နယ် ၊ ဇရပ်ကွင်းကျေးရွာအုပ်စု ကညင်သုံးဆင့်ကျေးရွာတွင် ဖြစ်ပွားခဲ့ကာ ကျူးလွန်သူမှာ အသက်၅၃နှစ်အရွယ် ဦးမိုးဇယ်ဆိုသူဖြစ်​ပြီး ဇနီးဖြစ်သူကိုသတ်ခဲ့ကြောင်း ၀န်ခံခဲ့သည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှသိရှိရသည်။

“သူ့သားကိုယ်တိုင်က ရဲကိုလာတိုင်တာပါ လယ်၂၈ဧက ကို လင်မယားတွေ ခွဲယူပြီးကွဲဖို့ပြောတာ မိန်းမကလက်မခံလို့ ညအိပ်တဲ့အချိန် သံတုတ်နဲ့ရိုက်သတ်ပြီး အလောင်းဖျောက်
လိုက်တာ။ ခုအလောင်းဖျောက်တဲ့နေရာကိုသွားတူး ပြီး တရားခံကိုလဲဖမ်းဆီးပြီးပါပြီ”ဟု ကျောင်းကုန်းမြို့နယ် ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

အလောင်းအား ရန်ကုန်-ပုသိမ်ကားလမ်းမိုင်တိုင် ၆၆/၀နှင့် ၆၆/၁ကြားရှိ တရားခံ ပိုင်ဆိုင်သော ပိန်းဥ စိုက်ခင်းအတွင်း မြုပ်နှံထားခြင်းဖြစ်ပြီး ဦးခေါင်းတွင် ကွဲအက်ဒဏ်ရာ ခြောက်ချက်တွေ့ရှိရကြောင်း ဒေသခံများထံမှသိရသည်။

လက်ရှိတွင် သားအရင်းဖြစ်သူမှ တရားလိုပြုလုပ်ကာ အမှုဖွင့်သောကြောင့် ဦးမိုးဇယ်အား ကျောင်းကုန်းမြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

#ကျောင်းကုန်းမြို့နယ် #မိခင်အားသတ်ပြီး #အလောင်းဖျောက် #ဖခင်ကို #သားကအမှုဖွင့် #Ayeyarwaddy_Times