ဧရာဝတီတိုင်းမ်
မတ် ၂၉ ရက်

ရက္ခိုင့်တပ်တော် (AA) သည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ အမ်းနှင့် နယ်မြေချင်း ထိစပ်နေသည့် မကွေးတိုင်းအတွင်းကိုပါ ထိုးစစ်ဆင် တိုက်ခိုက်လျှက် ရှိကြောင်း သိရသည်။

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ တုံးကြီးကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၁၅၀၀ ခန့်အကွာတွင် ပြီးခဲ့သည့် မတ် ၂၆ ရက်နေ့၊ နံနက် ၁၀ နာရီ ၄၈ မိနစ်က အင်အား ၄၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်း နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ၃၀ မိနစ်ခန့်ကြာ တိုက်ပွဲဖြစ် ပွားခဲ့‌ပြီး စစ်ကောင်စီဘက်မှ မျက်မြင် လေး ဦး ကျဆုံးကာ ရှစ် ဦးခန့် ဒဏ်ရာရရှိခဲ့‌ကြောင်း AA က ထုတ်ပြန်ထားသည်။

ထို့အပြင် ယမန်နေ့ မတ် ၂၈ ရက်နေ့၊ နံနက် ၈ နာရီ ၅၈ မိနစ်ခန့်ကလည်း မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ချောင်းဖျားရွာ၏ တောင်ဘက် မီတာ ၇၀၀ ခန့်အကွာ တောင်ကြောတွင် အင်အား ၅၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းနှင့် ရက္ခိုင့်တပ်တော် AA တို့ မိနစ်အနည်းငယ် ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထိုသို့ ဖြစ်ပွားရာတွင် စစ်ကောင်စီဘက်မှ မျက်မြင် ခြောက်ဦး ကျဆုံးကာ ဒဏ်ရာရရှိသူ ၁၀ ဦးခန့်ရှိခဲ့ပြီး အဆိုပါ တိုက်ပွဲအတွင်း လက်နက်နှင့် ခဲယမ်းအချို့ကိုပါ သိမ်းဆည်း ရမိခဲ့‌ကြောင်း သိရသည်။

ရက္ခိုင့်တပ်တော် (AA) သည် ရခိုင်နှင့် နယ်မြေထိစပ်နေသည့် မကွေးတိုင်းအတွင်းသို့ပါ စစ်မျက်နှာ ဖြန့်ကျက်လာပြီး အမ်းကို မကွေးမှ ထောက်ပို့ပေးမည့် စစ်ကောင်စီ၏ နယ်မြေများကိုပါ ပိတ်ဆို့မည့်အနေအထားရှိကြောင်း သိရသည်။

AA သည် မကွေး၊ စေတုတ္တရာတို့သို့ လမ်းကြောင်းပွင့်သည့် မင်းပြား၊ ကမ်းနီ တိုင်းဗဟို ၉ ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ရက် နေ့တွင် သိမ်းယူခဲ့ပြီးနောက် မကွေးနှင့် ရခိုင်စစ်ရေး လမ်းကြောင်းကို ဖွင့်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့သည် ပြီးခဲ့သည့် မတ်လ ၂၆ ရက်နေ့ကလည်း စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ အမ်းမြို့နယ်၊ လုံးကျေးရွာ၏ အနောက်ဘက် မီတာ ၁၄၀၀ ခန့်အကွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကောင်စီ၏ အမှတ်(၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၅) လက်အောက်ခံ ခမရ-၃၄၆ နှင့် အခြားတပ်များမှ စုပေါင်းထားသော စစ်ကောင်စီ စစ်ကြောင်း နှင့် ရက္ခိုင့်တပ်တော် (AA) တို့သည် မတ် ၂၆ ရက်နေ့၊ နံနက် ၁၀ နာရီ ၁၈ မိနစ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့သည်။

စစ်ကောင်စီသည် ဒရုန်း၊ လေကြောင်းပစ်ကူ နှင့် မြေပြင်လက်နက်ကြီး ပစ်ကူများပေး၍ တိုက်ခိုက်ခဲ့သော်လည်း နာရီဝက်ခန့်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၅ ဦးခန့် ကျဆုံးကာ ၁၅ ဦးခန့်ဒဏ်ရာရရှိခဲ့‌ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့ပြီး AAဘက်မှ တပ်ဖွဲ့ဝင် နှစ် ဦး အသေးစားဒဏ်ရာရရှိခဲ့‌ကြောင်း AA ၏ ထုတ်ပြန်ချက်အရ သိရသည်။

#မကွေး #ငဖဲမြို့နယ် #စစ်ကောင်စီ #AA #တိုက်ပွဲဖြစ် #Ayeyarwaddy_Times