
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ မတ် ၂၉ ရက်
တနင်္သာရီ တိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ ၊ ယားဖူးကျေးရွာကို ယနေ့ မတ်လ ၂၉ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကောင်စီက ပထမဆုံးအကြိမ်အဖြစ် ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီသည် ယားဖူးကျေးရွာ ကို K- 8W တိုက်လေယာဥ် နှစ်စီးဖြင့် ဗုံးလေးလုံးကြဲချခဲ့ပြီး လော့သိုင်းကျေးရွာတွင် စစ်ကောင်စီတပ်သားများကို MI -2 ရဟတ်ယာဥ်ဖြင့် ချသွားခဲ့ကြောင်း သိရသည်။
ယင်း ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်းက စစ်ကောင်စီတပ် နှင့် PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး မလွှဲတောင် စစ်ဆေးရေးဂိတ် နှင့် အလိန်အောင်မြို့အဝင်တံတား ဂိတ်တို့ကို စစ်ကောင်စီတပ်က ဖြတ်သန်းခွင့် ပိတ်ပင်လိုက်ကြောင်း ယာဥ်မောင်းသမားများ နှင့် ဒေသခံအချို့ထံက သိရသည်။
“စစ်ကာင်စီ လေတပ်က လာတာ အားလုံး သုံးစီးပေါ့။ K – 8W တိုက်လေယာဥ်က နှစ်စီး။ MI-2 ရဟတ်ယာဥ်ကတစ်စီး လာတာ။ ဂျက်ဖိုက်တာက ယားဖူးရွာ နဲ့ ကျွဲတစ်လင်းရွာကြားကို ဗုံးလေးလုံးကြဲချသွားတယ်။ မီးခိုးတွေ အလုံးလိုက်ထွက်နေတာကိုမြင်ရတယ်။ ပြီးတော့ ဗုံးလာကြဲတဲ့ ဂျက်ဖိုက်တာ နှစ်စီးစလုံး ထားဝယ်ဖက်ကို ပြန်လှည့်သွားတယ်”ဟု ယားဖူးရွာဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
လက်ရှိတွင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦး (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာရရှိထားပြီး လော့သိုင်းကျေးရွာတွင်လည်း ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း ဒေသခံများထံက သိရသည်။
ယခုအခါတွင် ယားဖူးရွာကို ဗုံးလာကြဲသည့် K -8W တိုက်လေယာဥ်နှစ်စီး ပြန်သွားပြီဖြစ်သော်လည်း MI-2 ရဟတ်ယာဥ်တစ်စီးသည် ယားဖူးကျေးရွာအနီး တစ်ဝိုက်တွင် ခပ်မြင့်မြင့်ပျံသန်း မှုများပြုလုပ်နေဆဲ ဖြစ်ကြောင်းသိရသည်။
“ရဟတ်ယာဥ် က စစ်ကောင်စီတပ်သားတွေကို လော့သိုင်းကျေးရွာမှာ လာချခဲ့တာ။ အင်အားကတော့ မသိရဘူး” ဟု လော့သိုင်းကျေးရွာ ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ယနေ့ ညနေ ၄ နာရီခန့်အချိန်အထိ ပစ်ခတ်သံများ နှင့် ရဟတ်ယာဥ်သံများကို ကြားနေရပြီး ဒေသခံများက လည်း ဘေးလွတ်ရာကို တိမ်းရှောင်နေကြရကြောင်း သိရသည်။
စစ်ကောင်စီသည် တနင်္သာရီ၊ ပုလောနှင့် ကျွန်းစုမြို့နယ်၊ ထားဝယ်အရှေ့တောဒေသကို ရဟတ်ယာဥ်ဖြင့် ဗုံးကြဲမှုများခပ်စိပ်စိပ် ပြုလုပ်နေပြီး ကလိန်အောင်မြို့ရှိ ယားဖူး ကျေးရွာကိုလည်း ပထမဆုံးအကြိမ် အဖြစ် လေကြောင်းမှ တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
ယားဖူးကျေးရွာသည် ရေး -ထားဝယ် ကားလမ်းမပေါ်မှာတည်ရှိပြီး မလွှဲတောင် စစ်ဆေးရေးဂိတ်နှင့် ၁၈ မိုင်ခန့် အကွာတွင်တည်ရှိသည်။
#ကလိန်အောင်မြို့ #ယားဖူးကျေးရွာ #စစ်ကောင်စီ #ပထမဆုံးအကြိမ် #ဗုံးကြဲတိုက်ခိုက် #Ayeyarwaddy_Times