
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ မတ် ၂၉ ရက်
တနင်္သာရီ ၊ရေဖြူမြို့နယ် တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှု ကြောင့် ၂ ရက်တာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး သေဆုံးပြီး လေးဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း Dawei Guerrilla Revolutionary Force – DGRF တပ်ဖွဲ့က မတ် ၂၈ ရက်နေ့တွင် ထုတ်ပြန်ထား သည်။
ရေဖြူမြို့နယ် ၊ ကျောက်ကညှာရွာ ချည်ဆွဲကုန်း ဘုရားရင်ပြင်ပေါ်တွင် စစ်မှုထမ်းဥပဒနှင့် ပတ်သက်၍ စစ်ကောင်စီ လက်အောက်ခံများ အစည်းအဝေးပြုလုပ်မည်ဖြစ်ကြောင်း တော်လှန် ရေး အင်အားစုများက ကြိုတင် သိရှိခဲ့ရသည်။
ထိုသို့သိရှိရသဖြင့် မတ် ၂၆ ရက်နေ့တွင် လုံခြုံရေးအတွက် ကင်းလာယူသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ ခန့်ကို PDF ပူးပေါင်းတပ်များက ရှေ့ထွက်မိုင်း နှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ် ဦးသေဆုံးခဲ့ကြောင်းသိရသည်။
ထို့ပြင် မတ် ၂၇ ရက်နေ့ကလည်း ရေဖြူမြို့နယ် ၊ ညင်းထွေးရွာ နှင့် ကျောက်ကညှာ ရွာအကြားတွင် ကင်းပုန်းလာဝပ်သည့် စစ်ကောင်စီတပ်သားများကို PDF ပူးပေါင်းတပ် များက ၆၀ မမ ဗုံးသီး သုံးလုံးအပြင် လက်နက်ငယ်များနှင့်ပါ ထပ်မံ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား တစ်ဦး သေဆုံး ပြီး လေး ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
“စစ်ကောင်စီရဲ့ စစ်မှုထမ်း ဥပဒေကို အသက်သွင်းဖို့ကြိုးစားနေတဲ့ စစ်ကောင်စီ လက်အောက်ခံတွေကို ရတဲ့နည်းနဲ့လက်တုံ့ပြန်သွားမယ်။ နိုင်ငံနဲ့အဝှမ်း အဖက်ဖက်မှာ စစ်ရေးရှုံးနိမ့်နေတဲ့ စစ်ကောင်စီလက် အောက် မှာ တာဝန်မထမ်းဆောင်ကြပါနဲ့။ လက်ရှိ အုပ်ချုပ်ရေးမှူးတွေလည်း နှုတ်ထွက်ပြီး ပြည်သူနဲ့ အမြန်ဆုံးပူးပေါင်းကြပါ” ဟု Dawi Guerrilla Revolutionary Force – DGRF ရဲ့ ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရေဖြူမြို့နယ်ရှိ ၂ ရက်တာ တိုက်ပွဲအတွင်း PDF ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံး ဦး သေဆုံး ပြီး လေးဦးဒဏ်ရာရရှိကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေဖြစ်တဲ့ DGRF၊ ဥသြ စစ်ကြောင်းတပ်ခွဲ (၁) နှင့် DDPDF ပူးပေါင်းတပ်တွေက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များဖက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
#ရေဖြူမြို့နယ် #ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ် #တိုက်ခိုက်မှု #၂ရက်တာအတွင်း #စစ်ကောင်စီတပ်သား #၃ဦးသေဆုံး #Ayeyarwaddy_Times