ဧရာဝတီတိုင်းမ်
(လွိုင်ကော်)၊ မတ် ၂၉ ရက်

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အတွင်း သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန် စီစဉ်နေကြောင်း စစ်ကောင်စီက ဆိုထားသော်လည်း လက်ရှိတွင် လွိုင်ကော်မြို့အတွင်း သင်္ကြန်ပွဲတော်ကျင်းပနိုင်သည့် အနေအထားမရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။

စစ်ကောင်စီသည် နှစ်ဖက် တိုက်ပွဲများဖြစ်ပွားနေပြီး ‌ကရင်နီ‌တော်လှန်ရေးတပ်ဖွဲ့များမှ မြို့တစ်ဝက်နီးပါး နေရာယူ ထိန်းချုပ်ထားနိုင်သည့် လွိုင်ကော်မြို့တွင် သင်္ကြန်ပွဲတော်ကို စည်ကားစွာကျင်းပနိုင်ရန် စီစဉ်နေပြီး သက်ဆိုင်ရာအဖွဲ့အစည်းများကို တာဝန်ပေးထားပြီဖြစ်ကြောင်းကို ပြီးခဲ့သည့် မတ်၂၁ ရက်နေ့က ၎င်းတို့လက်အောက်ခံ ဗီဒီယာများမှ တစ်ဆင့် ထုတ်ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။

“စစ်ကောင်စီအနေနဲ့ အခုက သူတို့ရှိတဲ့နေရာကနေမှ အပြင်ကိုထွက်လို့အဆင်မပြေတဲ့ အခြေအနေမျိုးဖြစ်တယ်။ သူတို့တပ်ကုန်းထဲမှာ နေရတဲ့အခြေအနေမျိုးဖြစ်တယ်။ နောက်တခုက မြို့ပေါ်မှာလူလည်း မရှိတော့ဘူးနော်။ ကျန်တဲ့လူတွေကလည်း အကြောင်းအရင်းအမျိုးမျိုးကြောင့် ကျန်နေရတာပဲရှိတယ်။ တကယ်လက်တွေ့မှာ သင်္ကြန်ပွဲကိုဘယ်လိုမှ ဆင်နွှဲနိုင်တဲ့အနေအထားမရှိဘူး။ စစ်ရေးအရပဲပြောပြော အုပ်ချုပ်ရေး ယန္တရားအရပဲပြောပြော သေချာရေရာမှု မရှိတဲ့ မြို့ပေါ်မှာ ဘယ်အစု အဖွဲ့ကမှ ပျော်ပွဲရွှင်ပွဲ ပြုလုပ်နိုင်တဲ့အနေအထားမရှိဘူး။ စစ်ကောင်စီအနေနဲ့ အခုလိုပြောတာကို ဟာသလို့တော့မပြောချင်ပေမယ့် စဉ်းစားလို့မရဘူး။ သူတို့တပ်ထဲမှာ သင်္ကြန်လုပ်ရင်တောင် လုပ်ရဲချင်မှလုပ်ရဲဦးမယ်။ အခုက မြို့ထဲမှာ လူလည်းမရှိဘဲ သင်္ကြန်လုပ်ချင်တာကတော့ စဉ်းစားလို့မရဘူး” ဟု ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေး ကောင်စီ (IEC) အတွင်းရေးမှူး-၂ ဗညားခွန်အောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ၏ ကယားပြည်နယ်(ကရင်နီ)ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ဦးဆောင်၍ လွိုင်ကော်မြို့အတွင်း သင်္ကြန်ပွဲတော် ဖြစ်မြောက်ရေး အစည်းအဝေးပွဲကျင်းပသည်ဟု ပြောဆို‌ထားသော်လည်း လက်ရှိတွင် ၎င်းတို့၏ အစိုးရအဖွဲ့ဝင်များမှာ လွိုင်ကော်မြို့ ထဲတွင် ရှိနေခြင်းမရှိဘဲ အများစုမှာ တောင်ကြီးတွင် နေထိုင်‌နေကြခြင်း ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့သည် လက်ရှိအချိန်ထိ လွိုင်ကော်မြို့ကို ထိန်းချုပ်နိုင်ရန်အတွက် အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေပြီး တိုက်ပွဲများလည်း ဖြစ်ပွားလျှက်ရှိကြောင်းသိရသည်။

ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် လွိုင်ကော်မြို့၏ ၅၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်များမှာလည်း ၎င်းတို့နေထိုင်ရာ တပ်ရင်းများအတွင်းမှ ခုခံနေခြင်းဖြစ်သည်။

“လွိုင်ကော်မြို့တစ်ခုလုံးကတော့ စစ်ဇုံဖြစ်နေတယ်။ သင်္ကြန်ပွဲကျင်းပဖို့ကတော့ မဖြစ်နိုင်ပါဘူး။ ဒါက စစ်ကောင်စီရဲ့ဝါဒဖြန့်မှုသက်သက်ပဲဖြစ်ပါတယ်။ မြို့ထဲမှာတော့ စစ်ကောင်စီ နဲ့ ချိတ်ဆက်နေတဲ့သူတွေလည်း မရှိတော့ဘူး။ စစ်ကောင်စီရုံးစိုက်တဲ့ နေရာတွေမှာလည်း လူတွေမရှိတော့ပါဘူး။ ဝန်ထမ်းတွေကလည်း မရှိတော့ဘူးလို့ ပြောလို့ရတယ်။ မြို့သိမ်းတိုက်ပွဲတွေဖြစ်တဲ့အချိန်ထဲက ထွက်သွားပြီလို့ပြောလို့ရတယ်” ဟု ကရင်နီအမျိုးသား ကာကွယ်ရေးတပ်(KNDF) တာဝန်ရှိသူတစ်ဦးက ဧရာ၀တီတိုင်းမ် ကို ပြောသည်။

ယမန်နှစ် ၂၀၂၃ ခုနှစ်၊ ဧပြီ ၁၅ ရက်နေ့ကလည်း လွိုင်ကော်ပြည်နယ်ရုံးအဖွဲ့၏ သင်္ကြန်မဏ္ဍပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ အစိုးရ အဖွဲ့ဝင် ရာထူးကြီးသူများအပါအဝင် ၂၈ ဦး ဒဏ်ရာရရှိခဲ့သည်။

ယခုအခါ ကရင်နီပြည်နယ်ရှိ မြို့နယ်များ၏ ၉၀ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားနိုင်ပြီး မြို့နယ် ခုနစ် မြို့နယ်လည်း မြို့သိမ်းထားနိုင်ခဲ့ကာ စစ်ကောင်စီ စခန်းပေါင်း ၆၅ ခုကိုလည်း စခန်းသိမ်းထားနိုင်ကြောင်း ကရင်နီ တော်လှန်ရေး တပ်ပေါင်းစုက ပြီးခဲ့သည့် မတ် ၂၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
ပုံစာ-ကရင်နီပြည်နယ်ရှိ မြင်ကွင်းအချို့
#လွိုင်ကော် #စစ်ကောင်စီ #သင်္ကြန်ပွဲကျင်းပ #တိုက်ပွဲဖြစ်ပွား #Ayeyarwaddy_Times