
ဧရာဝတီတိုင်းမ်
(ချင်း)၊ မတ် ၂၇ ရက်
ချင်းပြည်နယ်တွင် မြို့သိမ်းတိုက်ပွဲများဆက်လက်ဆင်နွှဲရန် ချင်းညီနောင်အဖွဲ့မှ ပြင်ဆင်ရာတွင် ရံပုံငွေ၊ စားနပ်ရိက္ခာနှင့် စစ်အသုံးစရိတ်များလိုအပ်နေကြောင်း ချင်းညီနောင်အဖွဲ့ဝင် ထံမှ သိရသည်။
ချင်းညီနောင်အဖွဲ့သည် ရက္ခိုင့်တပ်တော်(AA) နှင့် နီးကပ်သော မဟာမိတ်ဆက်ဆံရေးများထူထောင်ထားပြီး စစ်ဆင်ရေးများတွင် အတူတကွလက်တွဲကာ တိုက်ပွဲဖော်ဆောင်မှုများလည်းရှိကြောင်းသိရသည်။
“အမှန်တကယ်ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့ ချင်းညီနောင်ရဲ့ ဝမ်းကောမ်မဲန့်၊ ဝမ်းပရောဂျက်ဆိုတဲ့ဟာ လုပ်ထားတာရှိတယ်။ ပြီးရင် ၂၀၂၄ မှာလည်း မြို့သိမ်းတိုက်ပွဲတွေကို ကျွန်တော်တို့ တကယ်ကို ဆင်နွှဲနိုင်ဖို့ အထူးသဖြင့် ချင်းညီနောင်ရဲ့ စစ်ဆင်ရေးကို လုပ်နိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေတာရှိတယ်။ အဲ့ဒီအတွက်ကို တဖက်က ဒီလိုပူးပေါင်းစစ်ဆင်ရေးမှာ ကျွန်တော်တို့ ရံပုံငွေတွေ၊ စားနပ်ရိက္ခာစသဖြင့် လိုအပ်တဲ့ စစ်ရေးအသုံးစရိတ်တွေလည်း လိုအပ်တယ်” ဟု ချင်းညီနောင်အဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။
လက်ရှိတွင် ချင်းညီနောင်အဖွဲ့နှင့် ရက္ခိုင့်တပ်တော်( AA) တို့ ပူးပေါင်း၍ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို ဆင်နွှဲနေပြီး လုံခြုံရေးအခြေအနေကြောင့် စစ်ရေးစီမံချက်များနှင့် တိုက်ပွဲဖော်ဆောင်မှုအခြေအနေများကို အများပြည်သူသိရှိရန်အတွက် ထုတ်ပြန်ချက်များနှင့် အသိပေးချက်များကို မပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။
ကျင်ဒွေးတိုက်ပွဲတွင် ချင်းညီနောင်နှင့် ရက္ခိုင့်တပ်တော်ဘက်မှ ထိခိုက်ကျဆုံးမှုများရှိသလို စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ပြင်းပြင်းထန်ထန်တိုက်ခိုက်ခြင်းနှင့် အင်အားဖြည့်တင်းမှုများကို ဆက်လက်လုပ်ဆောင်နေ ကြောင်းသိရသည်။
“ဘုံရန်သူကို အတူတူတိုက်နေကြတဲ့ မဟာမိတ်နဲ့ အဖွဲ့ပေါင်းစုံနဲ့ ကျွန်တော်တို့ဟာ တကယ်လက်တွေ့ကျကျ လုပ်နေကြတယ်ဆိုတာကို ကျွန်တော်တို့က အဓိကအသိပေးလိုပါတယ်။ ဒါကြောင့်မို့ ပြည်သူတွေအနေနဲ့လည်း ကျွန်တော်တို့ကို မျက်ခြေမပြတ်စောင့်ကြည့်ပြီးတော့ ဆက်လက်ပြီးတော့မှ အားပေးထောက်ခံပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ လုံခြုံရေးစည်းမပေါက်အောင် အများကြီးချင့်ချိန်ပြီးတော့မှ လုပ်နေရလို့ နားလည်မှုလည်း ပေးစေချင်ပါတယ်”လို့ ချင်းညီနောင်တပ်ဖွဲ့ဝင်တစ်ဦးက ဆက်လက်ပြောဆိုသည်။
ချင်းညီနောင်ကို ယခင် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ချင်းညီနောင်အဖွဲ့ထဲတွင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)၊ PDF-Zoland၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်)၊ မရာကာကွယ်ရေးတပ်ဖွဲ့(MDF)၊ တို့ဖြင့် ဖွဲ့စည်းထားကြောင်းသိရသည်။
ဓာတ်ပုံ-ချင်းညီနောင်တပ်ဖွဲ့ဝင်များ။
#ချင်းပြည်နယ် #မြို့သိမ်းတိုက်ပွဲ #ချင်းညီနောင်အဖွဲ့ #ရက္ခိုင့်တပ်တော် #AA #စစ်အသုံးစရိတ်လိုအပ်
#Ayeyarwaddy_Times